“သင်းတို့တွေရဲ့ အောက်တန်းကျမှု ကတော့ ပြောစရာ စကားလုံးတောင် မရှိတော့ဘူး။ အဲ့ဒါ ကြောင့် ဒီ တော်လှန်ရေး တိုက်ပွဲကိုနိုင်အောင်ကို တိုက်သွားမှာ။”
မတရားအာဏာသိမ်း စစ်ကောင်စီ၏ နိုင်ငံတစ်ဝန်း ပြည်သူများအပေါ် နည်းမျိုးစုံဖြင့် မတရား ရက်စက် ဖိနှိပ်မှုဒဏ်ကိုခံရသူများကြား သူမတို့ မိသားစုသည်လည်း အပါအဝင် ဖြစ်ခဲ့ပါ၏။ ပြည်သူများက လက်နက်ကိုင်၍ သော်လည်းကောင်း၊ ဖိနှိပ်ဖမ်းဆီးမှုတွေကြား ဆန္ဒထုတ်ဖော်၍ တစ်မျိုး၊ CDM လုပ်၍တစ်ဖုံ နည်းမျိုးစုံ ဆန့်ကျင် တော်လှန်ကြရာတွင် သူမ၏ ခင်ပွန်းဖြစ်သူ မှာလည်း သပိတ် ခေါင်းဆောင် တစ်ယောက်အနေဖြင့် တက်ကြွစွာ ပါဝင် လှုပ်ရှားခဲ့သည်။ အာဏာသိမ်းပြီး မကြာမီတက်ကြွလှုပ်ရှားသူများ၊ ထင်ရှားသူများ၊ အနုပညာရှင်များအား ဖမ်းဝရမ်းထုတ်၍ လိုက်လံ ဖမ်းဆီး ထောင်ချခြင်းများ ရှိလာချိန်တွင်တော့ အချို့မှာ ဘေးလွတ်ရာ ရှောင်တိမ်းနိုင်ခဲ့သလို အချို့မှာလည်း ဖမ်းဆီး ခံရခြင်း၊ လာရောက် ရှာဖွေ ဖမ်းဆီးချိန်ဝရမ်းထုတ်ခံရသူ မရှိပါက မိသားစုဝင်များအား ဓားစာခံဆန်ဆန် မတရားဖမ်းဆီးခြင်း များ ပြုလုပ်လျက် ရှိရာ သူမ နှင့်လူမမည် သမီး နှစ်ယောက်မှာ လည်း ရှောင်တိမ်းနေသော ခင်ပွန်း ဖြစ်သူကို လာရောက် ဖမ်းဆီးချိန် ဓါးစာခံ အဖြစ် ဖမ်းဆီး ခံခဲ့ရခြင်း လည်း ဖြစ်သည်။
“ကျွန်မ တို့က ဒီ စစ်အာဏာရှင်တွေရဲ့ အုပ်ချုပ်မှုကို လုံးဝ လက်မခံနိုင်ဘူး။ ယောကျာ်းက သပိတ် ခေါင်းဆောင် ဆိုတော့ အစကတည်းက တစ်မိသားစုလုံး သတိထားနေခဲ့ကြတာ။ အခုက သူ့ကို လာရှာတာ မတွေ့တော့ ကျွန်မ နဲ့ သမီး နှစ်ယောက်ကို ဖမ်းခေါ် သွားတာ။ ဟိုတလောလေး ကမှ ပြန်လွတ် သွားခဲ့တဲ့ သမီး အငယ်လေးဆို ခုမှ ငါး နှစ်ပဲ ရှိသေး တယ်။ကျွန်မ သမီး နှစ်ယောက် နဲ့လည်း တွေ့ခွင့် မရခဲ့ဘူး။”
ခင်ပွန်း ဖြစ်သူနှင့် သား နှစ်ယောက်မှာလည်း လွတ်ကင်းရာသို့ ရှောင်နေရပြီး ယခု ပြန်လွတ် လာသည့် သမီးငယ်လေး ကိုလည်းလုံခြုံရာ ပို့ထားကြောင်း ခင်ပွန်းဖြစ်သူက ဆိုသည်။ ယခုလို အသက် မပြည့် သေးသည့် ကလေးငယ်များ၊ အမျိုးသမီးများ၊သက်ကြီးရွယ်အိုများ နှင့် မသန်စွမ်းသူများ မတရား ရက်စက် ဖမ်းဆီး သတ်ဖြတ်နေသည့် အကြမ်းဖက် စစ်ကောင်စီအားနိုင်ငံတကာ အဖွဲ့ အစည်းများ အနေဖြင့် အမြန်ဆုံး အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ရန် လိုအပ်နေပြီ ဖြစ်ကြောင်း သူကတိုက်တွန်း ပြောဆို ထားသည်။
“သမီးလေးက ငါး နှစ်ပဲရှိသေးတာ။ အထဲမှာ ထမင်းလည်း ဝအောင် မစားရဘူး။ အိမ်သာရေနဲ့ ရေချိုးရတယ်။ သူကအရမ်းငယ်သေးတော့ ကြီးလာရင် စိတ်ဒဏ်ရာ ရမှာ ကျွန်တော် စိုးရိမ်တယ်။ အမျိုးသမီး နဲ့ သမီးကြီး ကတော့ အထဲမှာ ကျန်နေသေးတယ်။ သူတို့ အကောင်းဆုံး ရင်ဆိုင် ဖြတ်ကျော် ကြမယ် ဆိုတာ ကျွန်တော် ယုံကြည်တယ်။ ကျွန်တော် ကတော့ နိုင်ငံရေးအရပဲ လက်တုံ့ပြန် သွားမှာ။ တော်လှန်ရေး ကို ရတဲ့နည်းနဲ့ အနိုင်တိုက်ပြီး မိသားစု အတွက်၊ မတရား ခံစားရသူတွေ အတွက်မျှတမှု ပြန်ယူ သွားမယ်။”
သူမ အနေဖြင့် အထဲရောက်နေချိန် အတွင်း မိသားစုများကို သတိရ စိတ်ပူစိတ် များဖြင့် ဖြတ်သန်းရင်း တစ်ဖက်မှာလည်းတော်လှန်ရေး အောင်ပွဲသို့ ရှေ့ရှုလျက် အစစ အရာရာ ဂရုစိုက်နေထိုင်လျက် ရှိသည်။
တော်လှန်ရေး သတင်းများ နားစွင့်ရင်း၊ ကိုဗစ် အန္တရာယ်ကို ကာကွယ် နေထိုင်ရင်း မိသားစုများ အတွက် ဘေးကင်း စေကြောင်းဆုတောင်းရင်း ဖြတ်သန်းလျက် ရှိနေသည်။
“ကျွန်မ တို့လို မိသားစုတွေ ဘယ်လောက်တောင်များ ရှိနေ လိမ့်မလဲ။ တချို့ မိသားစုတွေ ဘယ်တော့မှ လူချင်းပြန်မဆုံနိုင် ကြတော့ဘူး။ ကျွန်မ အိမ်ရှင်မ တစ်ယောက် အနေနဲ့၊ မိခင် တစ်ယောက် အနေနဲ့ ကောင်းကောင်း ကိုယ်ချင်းစာ လို့ရတယ်။ကျွန်မ ကတော့ အခု ကိုယ် ဘာလုပ်လို့ ရတာ ရှိလဲလို့ တွေးတယ်။ ပြီးတော့ လုပ်လို့ရတာ အကုန်လုပ်ပြီး အကောင်းမြင်စိတ်နဲ့ကျန်းမာအောင် နေတယ်။ သေစေချင် နေတဲ့ သူတွေ၊ စိတ်ဓါတ် ကျနေစေချင် တဲ့ သူတွေ လက်အောက်မှာ မသေအောင် နေရတာလည်း တော်လှန်ရေးပဲ။ ကျွန်မတို့ရဲ့ မိသားစုတွေ၊ ပြည်သူတွေ ဘေးကင်းကင်းနဲ့ အရေးတော်ပုံ အမြန်ဆုံး အောင်မြင်အောင် ဆုတောင်း နေတယ်။”
မြန်မာနိုင်ငံ၌ မတရားအာဏာသိမ်း စစ်အာဏာရှင် တော်လှန်ရေး တိုက်ပွဲများ အရှိန်အဟုန် မြင့်တက် လာချိန် နှင့်အတူ တစ်ကျော့ပြန် ဗီဇပြောင်း ကိုဗစ် ကြောင့် ပြည်သူများ ကျန်းမာရေး အသိဖြင့် ပိုမို ဂရုစိုက်ကြပြီး တော်လှန်ရေး အောင်ပွဲလမ်း ကိုဆက်လက် ချီတက် သွားနိုင်ပါစေကြောင်း သူမက ဆုမွန်ကောင်းတောင်း ဆန္ဒပြု ထားပါသည်။