အသက်ပေးတိုက်ပွဲဝင်ခဲ့ကြသူတွေရဲ့ ပေးဆပ်မှုတွေဟာ အလဟဿမဖြစ်စေရဘူး၊ ရတဲ့နည်းနဲ့ ကဏ္ဍ ပေါင်းစုံ ကနေ ပါးပါးနပ်နပ်တော်လှန်သွားမယ်
တော်လှန်ရေးကာလအတွင်း လမ်းပေါ်ထွက်ဆန္ဒထုတ်ဖော်ရင်း တစ်ဦးတည်းသော မောင်ဖြစ်သူ ဆုံးရှုံးထားရတဲ့ သူမဟာ လက်ရှိအချိန် တတ်နိုင်တဲ့ကဏ္ဍတွေမှာ ပါဝင်ရင်း ဆက်လက် တော်လှန်နေဆဲ ဖြစ်ပါတယ်။
ရပ်ကွက်၊မြို့နယ်တွေထဲထိပိုမိုတင်းကျပ်ဖမ်းဆီးလာနေမှုတွေရှိတဲ့ကြားကသူမတို့အဖွဲ့ဟာ” လိုရင်ယူ ပိုရင်လှူ” ဆိုတဲ့ Campaign လှုပ်ရှားမှုကို ပါးနပ်စွာ အကောင်အထည်ဖော် နေခဲ့ကြတာပါ။ အဲဒီလှုပ်ရှားမှုကတော့ စားဝတ်နေရေး ခက်ခဲတဲ့ အခြေခံလူတန်းစား ပြည်သူများအတွက် တစ်နေ့တာအဆင်ပြေစေဖို့ ကြက်ဥ၊ အာလူး၊ ဟင်းသီးဟင်းရွက် စတဲ့အခြေခံစားသောက်ကုန်တွေကို လိုတဲ့သူကယူ ပိုတဲ့သူမှ ပြန်လှူပေးတဲ့ ရွေ့လျား အခမဲ့ ဈေးဆိုင်တွေ ဖွင့်လှစ်ပေးတာပဲ ဖြစ်ပါတယ်။
“ညီမတို့လိုမျိုးရှေ့မှာ (၂) ဖွဲ့လောက်ကို” လိုရင်ယူပိုရင်လှူ” လုပ်လို့ဆိုပြီးဖမ်းသွားတယ်။ အဲဒီလိုဆိုတော့ ရပ်လိုက် ကြမလား စဉ်းစားတော့ ကိုယ့်မောင်လေးလို မျိုးတော်လှန်ရေးမှာ အသက်ပေးသွားတဲ့ လူတွေ အတွက်တော့ အချည်းနှီးမဖြစ်စေချင်ဘူး ၊တစ်ဖက်လှည့်နဲ့ဖြစ်အောင်ဆက်လုပ်ကြမယ်ဆိုပြီးပုံစံပြောင်း လုပ်ကြတယ်”
“ပုံမှန်လမ်းတွေထဲလှည့်ရောင်းတဲ့ ဈေးသည်တွေလို လိုက်ပတ်တယ်...၊ပြီးတော့မှ လာဝယ်သူတွေ၊ အနီးအနား ကလူတွေကိုဒါလိုရင်ယူ ပိုရင်လှူပါဆိုပြီးအသိပေးတယ်၊ လက်ဆင့်ကမ်း ပြောခိုင်းတယ်ပေါ့... အဓိကကတော့ အဖမ်းမခံရအောင်ရယ်၊ ရေရှည်လည်း လုပ်သွားနိုင်ဖို့ပဲ...”
နွေဦးတော်လှန်ရေးဖြတ်သန်းမှုတစ်လျှောက် သူမ လို မိသားစုဝင်တွေဆုံးရှုံးထားသူတွေ ၊ဖမ်းဆီးခံထားရသူတွေ ၊စားဝတ်နေရေးခက်ခဲကျပ်တည်းလာနေသူတွေ မျိုးစုံရှိပေမယ့်လည်းရတဲ့နည်းမျိုးစုံနဲ့ ရပ်ကွက်၊မြို့နယ်အလိုက် တော်လှန်လျက်ရှိကြကြောင်း သူမကပြောပါတယ်။
“ဥပမာပြောရရင် နောက်ဆုံး ကိုယ့်လမ်းထဲ Wifi free ထားပေးတာမျိုး၊ password ကို Wifi ရှိတဲ့အိမ်တိုင်း (1 to 8) ထားပေးထားတာမျိုးလေးတွေကအစ တော်လှန်ရေးလုပ်တာပဲလေ။ အနည်းဆုံးတော့ Information မပြတ်တော့ဘူးပေါ့ ။ ညီမ ပြောချင်တာ သေးသေး၊ ကြီးကြီး ကိုယ်လုပ်လို့ရတာ လုပ်နေဖို့ပါပဲ”
လမ်းပေါ်ထွက်၊ဦးဆောင်တော်လှန်မှ တော်လှန်တာမဟုတ်ဘဲ ရရာအခန်းကဏ္ဍကနေအုပ်တစ်ချပ် သဲတစ်ပွင့် ကိုယ့်နည်း ကိုယ့်ဟန်နဲ့တော်လှန်နေကြတဲ့ သူမ လို အမျိုးသမီးတွေများစွာ ရှိကြောင်းနဲ့ ဒီတိုင်း ဆက်သွားနိုင်မယ် ဆိုရင်တော်လှန်ရေးကြီးဟာလုံးဝအောင်ပွဲဆင်နိုင်လိမ့်မည်ဟုယုံကြည်ကြောင်း သူမ က ဆိုပါတယ်။