လက်ရှိမှာ အခက်အခဲတွေကြားက တော်လှန်နေကြတဲ့အချိန် ကိုဗစ်ကပါ တကျော့ပြန် တော်တော် ဆိုး လာတော့ ပြည်သူတွေ ပိုပြီး ရုန်းကန်နေရတဲ့ အချိန်ပေါ့။ ဒါပေမယ့် လုပ်စရာရှိတဲ့ တော်လှန်ရေးတွေ ကတော့ ဆက်လုပ် နေရဦးမှာပဲ။”
တော်လှန်ရေးကြီး မတိုင်မီက ဝါသနာပါရာ သူနာပြုအလုပ်ဖြင့် ဖြတ်သန်းနေခဲ့သော သူမတစ်ယောက် အကြမ်း ဖက် စစ်ကောင်စီက အာဏာသိမ်းလိုက်ပြီး နောက်ပိုင်း သူမ၏ လုပ်ဖော်ကိုင်ဖက်များ နည်းတူ CDM လုပ်ကာ တော်လှန်ရင်း မိသားစု လက်ငုပ်လက်ရင်း ဖြစ်သော ကုန်စုံဆိုင်လေးမှာ အမေ့ကိုကူလျက် ဖြတ်သန်း နေခဲ့ ပါ၏။ အမျိုးမျိုးသော ဖိနှိပ်မှုတွေ၊ တော်လှန်ရေးဖြစ်ရပ်တွေကြား တော်လှန်ရေးကာလ (၆) လခန့် အကြာ မှာတော့ ဗီဇပြောင်း ကိုဗစ်၏ ပြင်းထန်သော ရိုက်ခတ်မှုကို ပြည်သူများ စတင် အလူးအလဲ ခံစား လာကြရ ခြင်း ဖြစ်သည်။ ကပ်ဘေး လှိုင်းကြီးကြား သူမ၏ မိခင်သည်လည်း ကိုဗစ်ဒဏ်ကို ခံစား ကျော်ဖြတ်နိုင်ခဲ့ပြီး နောက်ပိုင်း သူမတစ်ယောက် ကိုဗစ် ခံစားရသူတွေကို ကူညီရန် Volunteer တစ်ယောက် အနေဖြင့် ပါဝင်ဖို့ ဆုံးဖြတ်ချက် ချခဲ့ ပါတော့သည်။
“CDM လည်းလုပ်ထားတော့ အချိန်ပိုရလာတာရယ် အမေကိုယ်တိုင်လည်း ကိုဗစ် ထိခဲ့တာ ဆိုတော့ ကိုယ်တွေကိုယ်တိုင်လည်း ဒီအခက်အခဲတွေ ကိုကြုံလာ၊ သိလာရတော့ မိသားစုကို ခွင့်တောင်းပြီး စေတနာ့ ဝန်ထမ်း လုပ်ဖြစ်သွားခဲ့တာ။ အခု နောက်ပိုင်းက တော်တော်လေး ကူးခံရတာ စိပ်လာတယ်။ သေဆုံးတာတွေ လည်း ပိုများလာတာပေါ့နော်။ သတင်းတွေထဲ မှာလည်း တွေ့ကြမှာပါ။ မီးသင်္ဂြိုဟ်မယ့်နေရာတွေမှာဆို ဆုံးသွား တဲ့ အလောင်းတွေမှ ပုံလို့…။ ကိုယ်တွေလို ပရဟိတသမား တွေလည်း ထိကြတာ အများကြီးပဲဆိုတော့ မကြောက် တာတော့ မဟုတ်ဘူး။ ကြောက်တယ်။ ဒါပေမယ့် ကိုယ်တွေ ပြည်သူတွေမှာက ပြည်သူပဲ ရှိတာလေ။ အဲ့ဒါကြောင့် အိမ်မှာ သီးသန့် ခွဲနေဖို့နေရာ အမေ့ကို လုပ်ခိုင်းထားပြီး တောက်လျောက် ထွက်ကူပေး ဖြစ်နေတာ။”
စစ်ကောင်စီ၏ မတရားအာဏာသိမ်းမှုအပြီး အဖက်ဖက်က ချွတ်ခြုံကျလာမှုများ၊ စီမံခန့်ခွဲမှု ညံ့ ဖျင်းမှုများကြောင့် တစ်ကျော့ပြန် ကိုဗစ် တတိယလှိုင်းတွင် ပိုမို ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပွါးလာရခြင်း ဖြစ်ကြောင်း ကျွမ်းကျင်သူတွေက သုံးသပ်ထား သော်လည်း စစ်ကောင်စီ ဖက်မှတော့ ပြည်သူများ ကိုယ်ထူကိုယ်ထ ဖြင့်ကုသ နေရချိန် အောက်စီဂျင်များအား ထိန်းချုပ်ကန့်သတ်ခြင်း များအပါအဝင် အလှူရှင်များ၊ ပရဟိတသမားများ အား ခြိမ်းခြောက် စစ်ဆေး ခြင်း၊ ဖိအားပေးခြင်းများ ပြုလုပ်လျက် ရှိနေတာပဲ ဖြစ်ပါတယ်။
“ပြည်သူတွေမှာက တစ်ပူပေါ် နှစ်ပူဆင့် ဆိုသလိုပဲ…။ ကိုယ့်ပိုက်ဆံကိုယ်ထုတ်ဖို့ တန်းစီရ၊ အခုလည်း အောက်စီဂျင် အတွက် မိုးထဲလေထဲ တန်းစီရနဲ့။ နောက်ဆုံး ဆုံးရှုံးလိုက်ရတဲ့ မိသားစုဝင် ရှိလို့ မီးသင်္ဂြိုဟ်ဖို့တောင် တန်းစီစောင့်ရတဲ့ ဘဝတွေ ဖြစ်နေကြတာ။ အောက်စီဂျင်သယ်ပို့ပေးဖို့၊ အရေးပေါ်လူနာသယ်ဖို့၊ ဆုံးသွားတဲ့ သူတွေကိုသယ်ဖို့တွေ အတွက် စေတနာ့ဝန်ထမ်းတွေက မလုံလောက်တော့ဘူး။ မလောက်ဆို သူတို့က ဆရာဝန် တွေ၊ ပြည်သူတွေကို လိုက်ဖမ်း၊ လိုက်ဖိနှိပ် နေတာကိုး။ ဘာသာရေးခေါင်းဆောင်တွေ၊ ဘုန်းဘုန်းတွေ ကအစ ဝင် ကူညီပေးနေရတဲ့ အခြေအနေ ဖြစ်နေတာပေါ့။ နောက်ဆုံး စာရင်းချုပ်လိုက်ရင် အဓိကကတော့ ဒီမတရားအာဏာ သိမ်း စစ်ကောင်စီကြောင့် လို့ပဲပြောရမှာပဲ။”
မတရားအာဏာသိမ်း စစ်ကောင်စီကတော့ သေဆုံးမှု စာရင်းများမှာ လက်တွေ့ မြေပြင်သတင်းများ၌ ဖော်ပြနေ သလောက် မများကြောင်း သတင်းအမှောင်ဖုံး ဖို့ကြိုးစားနေလျက်ရှိပြီး ပြည်သူများကလည်း ရောဂါ ကပ်ဘေး များ ပြင်းထန်လျက် ရှိနေသည့်ကြားက ပြောက်ကျား သပိတ်များဖြင့် တော်လှန်လျက်ရှိကြသလို၊ မြို့သိမ်းတိုက်ပွဲ များ ကိုလည်း ဆက်လက်ဆင်နွှဲလျက် တော်လှန်နေကြခြင်း ဖြစ်သည်။
“ညီမ သူငယ်ချင်းတစ်ယောက်ဆို လွတ်မြောက်နယ်မြေမှာ ရှောင်နေရတာ။ သူ့အမေ ကိုဗစ်နဲ့ ဆုံးသွား ပြီး နောက်ဆုံးခရီးကိုတောင် လိုက်မပို့လိုက် နိုင်ဘူး။ ညီမ အရင်ဆေးရုံထိုင်တုန်းက စီနီယာ ဆရာဝန်တွေဆို ထောင်ထဲမှာ ကိုဗစ် ကူးခံထားရတယ် ကြားတယ်။ ဆိုတော့ကာ ဒီကာလမှာတော့ ကိုယ်နဲ့ကိုယ့်မိသားစု ကျန်းမာ ရေးလည်း စောင့်ရှောက်ရမှာဖြစ်သလို၊ တော်လှန်ရေးကိုလည်း အားမလျော့သွားကြဖို့ အရေးကြီးတယ်လို့ မြင်တယ်။ ဒါကြောင့်မို့လို့ ညီမလည်း ကိုယ်တတ်ထားတာလေးနဲ့ ကိုယ်နိုင်သလောက် ပါဝင်ပြီး လုပ်နေတာ။ သင်းတို့ရဲ့ ကျဆုံး ချိန်က နီးနေပါပြီ။”
လက်ရှိတွင် ငွေကြေး ထုတ်ယူမှု ခက်ခဲနေခြင်း၊ ဆေးဝါး နှင့် အောက်စီဂျင်ဆက်စပ် ပစ္စည်းများ၊ ကြက်ဥကဲ့သို့ အခြေခံ စားသောက်ကုန်များ ဝယ်ရခက်ခဲလာခြင်း၊ ဈေးတက်လာခြင်း တို့ကြောင့် ပြည်သူများ အစစအရာရာ ကြပ်တည်း ခက်ခဲလာနေချိန် ရောင်းသူ၊ ဝယ်သူကြား ပြည်သူများ အချင်းချင်း ရိုင်းပင်းကူညီကြဖို့၊ ရောဂါကပ် ဘေးကြီးအား ကျော်လွှား၍ တော်လှန်ရေး အောင်ပွဲ အဆုံးသတ်ဆီသို့ အမြန်ဆုံး ချီတက်သွားကြဖို့ သူမက ဆန္ဒ ပြုထားပါသည်။