ပန်းခင်းထဲက တော်လှန်သမ


2022-12-05

“ဒီလိုကာလမှာ လူတိုင်းက ဒဏ်ရာတွေ၊ အခက်အခဲတွေနဲ့ချည်းပဲ။ ဒါပေမယ့် ရပ်လိုက်ဖို့တော့ ဘယ် တော့မှ တွေးမှာမဟုတ်ဘူး။ တော်လှန်ရေးအောင်တဲ့အထိ ရတဲ့နည်းနဲ့ တိုက်သွားမယ်။”

တော်လှန်ရေးကာလတစ်လျှောက် အာဏာသိမ်းစစ်ကောင်စီမှ ပြည်သူများကို မတရားဖိနှိပ်၊ သတ်ဖြတ် ဖမ်းဆီးမှု များရှိသည့်တိုင် ဒူးမထောက်၊ သွေးမအေးဘဲ တော်လှန်လျက်ရှိကြသော ပြည်သူများကြား သူမတစ်ယောက်သည်လည်း  အပါအဝင်ဖြစ်သည်။ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများ၌ တက်ကြွစွာပါဝင်ခဲ့သော သူမတို့မိသားစုအနေ ဖြင့် ပေးဆပ်ထားရသည့် တန်ဖိုးသည်လည်းမနည်းပေ။ 

သို့သော် အဘက်ဘက်က အကျပ်အတည်းများအကြား သူမကတော့ ဆက်လက် တော်လှန် လျက်ရှိသည်။

            “ကျွန်မတို့ မိသားစုက နဂိုကတည်းက စစ်အာဏာရှင်အုပ်ချုပ်တာကို မကြိုက်တဲ့၊ မထောက်ခံတဲ့ သူတွေ လို့ပြောလို့ရတာပေါ့။ အဖေက ရပ်မိရပ်ဖလိုဖြစ်နေတော့ သူ့ကိုလူတိုင်းသိကြတယ်။ အာဏာစသိမ်းပြီးမကြာဘူး ဘာအပြစ်မှမရှိပဲ အရင်အစိုးရလက်ထက်က လမ်းလူကြီးမို့လို့ မေးစရာရှိတယ်ဆိုပြီးခေါ်သွားလိုက်တာ ဟိုတစ် လောကမှ ပြန်လွတ်တယ်။”

သူမဖခင် အားမည်သည့်အမှုဖြင့်ဖမ်းဆီးသည်ဟု ရေရေရာရာမသိရဘဲ ထောင်ချခံရနေစဉ်အတွင်း အစ်ကိုဖြစ်သူ လည်း ထပ်မံဖမ်းဆီးခံခဲ့ရကာ နောက်တစ်ရက်အကြာ၌ ကိုဗစ်ဖြင့်ကွယ်လွန်သွားပြီဖြစ်ကြောင်း အကြောင်းကြားလာ၍ အနီးသို့ပင် သွားကြည့်ခွင့်မရဘဲ သင်္ဂြိုလ်ခဲ့ရသည်။ သူမတို့ အတွက် တစ်ပူပေါ်နှစ်ပူဆင့်ကာ ထောင်ထဲမှ ဖခင်ကိုလည်း အသိမပေးနိုင်ခဲ့ဘဲခက်ခက်ခဲခဲဖြတ်သန်းခဲ့ရသည်။ ထောင်မှထွက်လာပြီး ကျန်းမာရေး ဆုတ်ယုတ်လာသော သူမဖခင်ကို ပြုစုရင်း တစ်ဖက်တစ်လမ်းက တော်လှန်နေသော သူမအနေဖြင့် ဘယ်တော့မှ စိတ်ဓါတ်ကျ ရပ်တန့်လိမ့်မည်မဟုတ်ဟု ဆိုထားသည်။

            “ညီမတို့လိုမိသားစုတွေ၊ ပေးဆပ်သွားသူတွေ အများကြီးရှိနေမယ်လို့ထင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူ တိုင်းနဲ့ဆိုင်တဲ့ တိုက်ပွဲဖြစ်လို့ အားလုံးပါဝင်ပြီး ရတဲ့နေရာက ပါဝင်သွားဖို့လိုတယ်လို့ထင်ပါတယ်။ တောထဲမှာ ပင်ပန်းခံနေကြတဲ့သူတွေ၊ ခုထိပြန်မလွတ်သေးတဲ့ အပြစ်မဲ့တဲ့သူတွေအတွက် သွေးအေးသွားလို့မရဘူးလို့ ညီမက တော့ ခံယူထားတယ်။”

သူမသည် တော်လှန်ရေးစတင်ချိန်မှစ၍ CDM လုပ်ထားပြီးတော်လှန်ခဲ့သလို လက်ရှိမိသားစုအခြေအနေအရ ဆွေမျိုးနီးစပ်များ၏ အကူအညီဖြင့် ပန်းစိုက်သည့် လုပ်ငန်းကိုဝင်ရောက်လုပ်ကိုင်ကာ မိသားစုဝမ်းရေး တာဝန်ကို ထမ်းလျက်ရှိသည်။ ယခင်က အအေးခန်းထဲတွင် အလုပ်လုပ်ခဲ့သော သူမတစ်ယောက် စိန်ခေါ်မှုတွေ များစွာရှိသည့်တိုင် စိုက်ပျိုးရေးဝါသနာအခံကြောင့် အကောင်းဆုံးကျော်ဖြတ်နိုင်မည်ဟု မျှော်လင့်ထားသည်။

            “အခုအချိန်က လူတိုင်းခက်ခဲနေကြ၊ ပင်ပန်းနေကြတာဆိုတော့ ကိုယ့်ဒုက္ခကိုလည်း ဘာမှ ညည်းမနေ တော့ဘူးလေ။ ပန်းတွေစိုက်တဲ့ ခြံကို ကြီးကြပ်ပေးရတာဆိုတော့ ပင်ပန်းတယ်ဆိုပေမယ့် နဂိုကတည်းက သစ်ပင် စိုက်တာဝါသနာပါသလို အိမ်မှာလည်းစိုက်ခဲ့တာမျိုးတွေရှိတော့ အများကြီးတော့ တော်သေးတယ်ပြောရမယ်။ အိမ်အတွက်လည်း စရိတ်ရသလို တော်လှန်ရေးအတွက်လည်း ကောင်းကောင်းလှူနိုင်သွားလို့ ဘာပဲဖြစ်ဖြစ် ဒီအ လုပ်အသစ်ကို ကျေးဇူးတင်ရတယ်။”

အစ်ကိုစိတ်ဖြင့် ကျန်းမာရေးပါထိခိုက်သွားသော မိဘနှစ်ပါးအား ပြုစုရင်း သူမတစ်ယောက် တော်လှန်ရေးအောင် ပွဲနေ့ကို မျှော်လင့်နေလျက်ရှိ  သည်။ သူမအစ်ကိုတစ်ယောက် ထိုအချိန်မှသာစိတ်ဖြောင့်ဖြောင့်နှင့် သွားနိုင်မည်ဟု သူမ ထင်နေသည်။ သူမအစ်ကိုတင်သာမက ပေးဆပ်ခဲ့ကြသောသူရဲကောင်းများ၏ ပေးဆပ်မှုများ၊ ရင်းနှီးခဲ့ရသော အသက်များအတွက် ယူဆောင်ပေးရမည့် တန်ကြေးလက်ဆောင်သည် တော်လှန်ရေးအောင်ပွဲ သာဖြစ်သည်။ ထို အောင်ပွဲလက်ဆောင်ကို ဆောင်ကြဉ်းပေးရန်မှာ သူမအပါအဝင်ပြည်သူများအားလုံး၏ တာဝန်သာဖြစ်သည် ဟု သူမကဆိုထားသည်။

            “ညီမအနေနဲ့ လိုရင်းတိုရှင်းပြောရရင်တော့ တော်လှန်ရေးကို လူတိုင်းကိုယ်နဲ့ဆိုင်သလို နေ့တိုင်း၊ အချိန် တိုင်းတွေးပြီး၊ ခံယူထားပြီး တတ်နိုင်တဲ့ဟာ တစ်ခုမဟုတ်တစ်ခုလုပ်ရင်း တော်လှန်နေမယ်ဆိုရင် အောင်ပွဲဟာ လက်တစ်ကမ်းမှာပါလို့ ပြောချင်ပါတယ်။”

မြန်မာ့နွေဦးတော်လှန်ရေးတပ်ဦး