“အဖေ က ပြောရလောက်အောင် ဘာအပြစ်မှလည်း လုပ်ထားတာမဟုတ်ဘူး…။ အဲ့တာကို ဖမ်းခေါ်သွားကြတာ။ ဒီနေ့အထိပဲ။ ဒီ စစ်အာဏာရှင်တွေ အုပ်ချုပ်နေသမျှတော့ ဒီလို မင်းမဲ့စရိုက်နဲ့ လုပ်ချင်တိုင်း လုပ်နေတာတွေ ရှိနေဦးမှာပဲ။”
ငယ်စဉ်ကတည်းက မွေးရာပါ ခြေထောက်တစ်ဖက် မသန်ခဲ့၍ ချိုင်းထောက်တစ်ဖက်ဖြင့် ကြီးပြင်း ခဲ့ရသော သူမသည်ဖခင်၏ အားပေးပံ့ပိုးမှုဖြင့် ဘဝကို အရှုံးမပေးပဲ ကြိုးစား ကာ ဝါသနာပါရာ ဇာတ်ညွှန်းရေးခြင်း အလုပ်ကို စတင်လုပ်ကိုင် ဖြတ်သန်းလျက် ရှိသည်။ လွတ်လပ် ဆန်းသစ်သော အင်ဒီး(Indie) ရုပ်ရှင် လှိုင်းသစ်များ မြန်မာနိုင်ငံ၌ စတင်လာခဲ့ချိန် သူမ သည်လည်း မတူညီသော၊ သမားရိုးကျမှ ကွဲထွက်သော ဇာတ်လမ်းတိုများ၊ မှတ်တမ်းရုပ်ရှင်များ ကိုရေးသား ဖန်တီးလျက်ရှိရင်းမှ ရုပ်ရှင် ကားကြီး တစ်ကားကို ရေးသား ရိုက်ကူးရန် မျှော်မှန်းလျက် ရှိသည်။ ကိုဗစ်ကြောင့် နယ်ပယ်စုံမှ အလုပ်များ ရပ်နားထားရချိန် ရုတ်တရက် အကြမ်းဖက်စစ်ကောင်စီက မဲရလဒ်ကို အကြောင်းပြ၍ မတရား အာဏာ သိမ်းလိုက်ပြီးသည့်နောက်တွင် နိုင်ငံတစ်ဝှမ်းက ပြည်သူများ နည်းတူ သူမသည်လည်း ဆန့်ကျင် တော်လှန်ရေး တိုက်ပွဲများထဲသို့ ပါဝင်ခဲ့ သည်။
“ငယ်ငယ်ကတည်းက သူများတွေလို ပြေးလွှားပြီး ကစားလို့ မရခဲ့တော့ အဖေ ပေးဖတ်တဲ့ ပုံပြင်တွေ၊ စာအုပ်တွေနဲ့ပဲ အရွယ်ရောက်လာခဲ့တာဆိုတော့ ကြီးလာရင် စာရေးဆရာမ ဖြစ်ချင်ခဲ့တာ။ နောက်တော့မှ ဇာတ်ညွှန်း ရေးတာဘက် ပိုအားသန် သွားခဲ့တာပေါ့။ ကိုဗစ်ကြောင့် ရိုက်ကူးရေးတွေ နားထား တော့ အိမ်မှာ အမေ့ကိုကူပြီး ဈေးဝိုင်းရောင်းရင်း၊ ဇာတ်ညွှန်းတွေ ရေးရင်း နေခဲ့တာ။ အာဏာသိမ်းပြီး တော်လှန်ရေးတွေ စတော့ လည်း CDM တွေအတွက် လှူရင်း၊ ဆန္ဒပြကြရင်း၊ မှတ်တမ်းရုပ်ရှင် ရိုက်ခဲ့ကြတဲ့ အဖွဲ့သားတွေနဲ့ တော်လှန်ရေး Video တွေလုပ်ခဲ့ ကြတာပေါ့..။”
တော်လှန်ရေး အရှိန် မြင့်တက်လာသည်နှင့် အမျှ စစ်ကောင်စီမှ နည်းမျိုးစုံဖြင့် ပိုမို ဖိနှိပ် ဖမ်းဆီးလာခဲ့ပြီး ဖမ်းဆီး ခံရသူများထဲတွင် သူမ၏ ဖခင်တစ်ယောက်လည်း အပါအဝင်ဖြစ်ခဲ့သည်။ ရပ်ကွက်များ အတွင်း တစ်နိုင်တစ်ပိုင် ကိုယ့်လမ်းကိုယ် ညကင်းစောင့်ကြသည့် အချိန် လှည့်ကင်း ရဲကားမှ ဖမ်းဆီးသွားခြင်း ဖြစ်ပြီး ဖခင်နှင့် အဆက်အသွယ်ရရှိရန် သူမတို့ သားအမိနှစ်ယောက် မနည်း ကြိုးပမ်း ခဲ့ရ သည်။ လက်ရှိတွင် ဝမ်းရေးအတွက် မိခင်နှင့်အတူ ရုန်းကန်ရင်း တစ်ဖက်တွင်လည်း သူမ တတ်ကျွမ်းသည့် ပညာဖြင့် တော်လှန်ရေး စာစောင် တစ်ခု၌ အပတ်စဉ် တော်လှန်ရေး ဆောင်းပါးများ ရေးသားကာ တော်လှန်ရေးကို ပုံစံတစ်မျိုးဖြင့် ဆက်လက်ဆင်နွှဲ လျက်ရှိ သည်။
“လမ်းတွေထဲ ညကင်းတွေ စောင့်ကြတုန်းက အဖေ့ကို လှည့်ကင်းကားက တွေ့သွားပြီး ရိုက်နှက် ခေါ်သွားကြတာ။ လမ်းထဲက နောက်ထပ်ကောင်လေးတွေလည်း ပါသွားတယ်။ ဘယ်ကို ရောက်သွား လည်းဆိုတာ နောက် (၃) ရက်လောက်မှ သိကြရတာ။ အဖေက ဘာပြစ်မှု မှလည်း မရှိဘူး။ အဲ့တာကို သက်သက် ဖမ်းထားတာ။ ဟိုတစ်လောက အကျဉ်းသားတွေ ပြန်လွှတ်မယ်ဆိုတော့ ကိုယ့်အဖေ ဘာမှ မဟုတ်တာ မလုပ်ထားတဲ့အတွက် ပြန်လွှတ်တဲ့အထဲ ပါလောက်မယ်ထင်ပြီး သားအမိ နှစ်ယောက် မနက် အစောကြီးကတည်းက သွားစောင့်ကြတာ။ မိုးသာချုပ်သွားတယ် အဖေ လွှတ်တဲ့အထဲ မပါခဲ့ဘူး။ ညီမတို့ကတော့ ဒင်းတို့ကို အပြီး တိုက်သွားမှာ……အာဏာရှင်စနစ် ဒီနိုင်ငံမှာ သက်ဆိုးရှည်ခဲ့တာ ကြာပြီ။ ဘယ်တော့မှလည်း ကောင်းကျိုး မပေးခဲ့ဘူး။”
အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီ၏ မတရားဖမ်းဆီး ဖိနှိပ်မှုတွေရှိနေသည့်ကြားမှ ကိုဗစ် အန္တရာယ်၊ စားဝတ်နေရေးအခက်အခဲများကြားမှ ပြည်သူများက နည်းမျိုးစုံဖြင့် ဆန့်ကျင်တော်လှန်လျက် ရှိကြရာဝယ် သူမသည်လည်း အသက်ပေး ကျဆုံးသွားခဲ့သောသူများအတွက်၊ သူမ၏ ဖခင်ကဲ့သို့ မတရား ဖမ်းဆီးခံနေရသူများအတွက် ရရာနေရာမှ ပုံစံတစ်မျိုးမျိုးဖြင့် ဆက်လက် တော်လှန်သွားမည် ဖြစ်ကြောင်း ဆိုထားသည်။
“ညီမကတော့ ဇာတ်လမ်း၊ ဇာတ်ညွှန်းသမား ဖြစ်တဲ့အတွက် တော်လှန်ရေး video တွေ၊ တော်လှန်ရေး ဆောင်းပါးတွေ ရေးသား ဖန်တီးပြီး ကမ္ဘာကသိအောင် လုပ်သွားမယ်။ တော်လှန်သွားမယ်။ ဒီ တော်လှန်ရေးကာလမှာ တော်တော်များများ ဖြစ်တတ်တာက ကိုယ့်ကိုယ်ကို အားမရတာ။ ငါဘာမှ မလုပ်ပေးနိုင်ပါလားဆိုပြီး အားမလိုအားမရဖြစ်တာ၊ ခံပြင်းတာတွေ ဖြစ်တတ် ကြတာပေါ့ ။ အဲ့လို ဖြစ်စရာမလိုပဲ ကိုယ်လုပ်နိုင်တာလေးပဲဖြစ်ဖြစ်လုပ်ပြီး တတ်နိုင်တဲ့ဘက်က ပါဝင်တော်လှန်ကြဖို့ပဲ အရေးကြီးတာပါလို့ ပြောချင်တယ်။ လှူနိုင်သလောက်လှူတာ၊ မီတာမဆောင်တာ၊ ဧည့်စာရင်းမတိုင်တာ မျိုးတွေကလည်း တော်လှန်တာပဲလေ။ ညီမ ဆိုလည်း သူများတွေလို ပြေးလွှားပြီး ပြောက်ကျား သပိတ် တွေမှာပါတာ၊ လက်နက်ကိုင် တော်လှန်တာ တွေလုပ်ဖို့ ကိုယ့်အခြေအနေက အဆင် မပြေဘူးလေ။ ဒါပေမယ့်လည်း အခုလို ကိုယ်လုပ်နိုင်တဲ့ ဆောင်းပါးတွေ၊ ဇာတ်လမ်းတွေ ဖန်တီး ပြီး တော်လှန်နေတာပဲ။”
ကိုဗစ်တစ်ကျော့ပြန် တတိယလှိုင်းစတင်လာချိန် ပြည်သူများ ကျန်းမာရေးအသိဖြင့် နေထိုင် ဖြတ်ကျော် ကြရင်း တော်လှန်ရေး ပန်းတိုင်ကို အတူ ဆက်လက် ချီတက်သွားကြဖို့ သူမက ဆန္ဒပြု ဆုတောင်း ထား သည်။