စားဝတ်နေရေးအခက်အခဲကြားက တော်လှန် အမျိုးသမီး


2021-09-03

“အခုလိုအချိန်မှာကကိုဗစ်စဖြစ်တုန်းကထက်ကိုပိုကျပ်တည်းလာတာတယ်...ဒါပေမဲ့လည်း ဘယ်လိုပဲ ဖြစ်ဖြစ် တော်လှန်ရေး နဲ့ပတ်သက်ရင်တော့ ရတဲ့နည်းနဲ့ပန်းတိုင် မရောက်မချင်း ဆက်လုပ်နေရမှာပဲ...”

ပုဂ္ဂလိကဘဏ်တစ်ခုမှာ အလုပ်လုပ်နေရင်း Civil Disobedience Movement (CDM) လှုပ်ရှားမှုမှာ ပါဝင်ခဲ့တာ ကြောင့် ဝင်‌‌ငွေရပ်တန့်ခဲ့တာ နှစ်လကြာပြီဖြစ်တဲ့အတွက် မိသားစုစားဝတ်နေရေးပြေလည်ဖို့ သူမတစ်ယောက်  Delivery လိုက်ပို့နေပါတယ်။ တော်လှန်ရေးအတွက် ခင်ပွန်းဖြစ်သူကိုယ်တိုင် လက်နက်ကိုင် ကာကွယ်ရေး သင်တန်း Camp တစ်ခုကို ရောက်ရှိသွားချိန်မှာတော့ အိမ်ထောင်မှုတာဝန်တစ်ခုလုံးဟာ သူမပုခုံးပေါ် လုံးလုံးလျားလျား ရောက်ရှိလာပါတော့တယ်။

“ပုံမှန်ဆိုရင်တော့ အမျိုးသားကလည်း ကုမ္ပဏီဝန်ထမ်းဆိုတော့ နှစ်ယောက်ဝင်ငွေလေး ပုံမှန်ရှိတဲ့ အတွက်ပိုလျှံတာတော့ မဟုတ်ပေမယ့် တော်တော်လေး အသက်ရှူချောင်တယ်လို့ပြောရမှာပေါ့နော်. အခုတော့ သူ့ကုမ္ပဏီကလည်းရပ်ထားရတော့ ဝင်ငွေကမရှိ၊ညီမကလည်း CDM သမားဆို တော့  မိသားစုမှာက ဝင်ငွေလုံးဝ မိုင်းနပ်စ်ပြသွားတာ”

အစောပိုင်း လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ကြချိန်ကာလက လင်မယားနှစ်ယောက် လမ်းပေါ် ထွက်ခဲ့ကြပြီး နောက်ပိုင်း ပြည်သူများအားရက်ရက်စက်စက် သတ်ဖြတ်ဖမ်းဆီးမှုတွေ ရှိလာချိန်မှာတော့ ခင်ပွန်းဖြစ်သူက လက်နက်ကိုင် ကာကွယ်ရေး Camp ကိုသွားရောက်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း သူမကပြောပါတယ်။

“သူနဲ့ Camp သွားမယ့်ကိစ္စပြောဖြစ်တော့ ညီမက ယောကျာ်းသွားစရာရှိတာသွား။ နောက်ဆံမတင်းနဲ့။ ငါအဆင်ပြေအောင် လုပ်ကိုင်စားတတ်တယ်လို့ပြောလိုက်တယ်။ ဖြစ်နိုင်ရင်ကိုယ်ပါလိုက်ချင်တာလေ။ သိတဲ့အတိုင်းစားဝတ်နေရေးအတွက်က တစ်ယောက်တော့လုပ်မှရမှာပဲ”

သူငယ်ချင်းတစ်ယောက်ရဲ့ ချိတ်ဆက်ပေးမှုကြောင့် Online Shopping က မှာယူတဲ့ ပစ္စည်းတွေကို လိုက်ပို့ ဖြစ်တာလို့  သူမကဆိုပါတယ်။  

“ပင်ပန်းလားဆိုတော့ပင်ပန်းတယ်။ လူတိုင်းကတော့ခုချိန်ကျပ်တည်းနေကြတာပဲလေ။ ဘယ်လိုပဲ ဖြစ်ဖြစ် တော်လှန်ရေးကလည်း ရတဲ့နည်းနဲ့ လုပ်နေရမှာပဲ။ အသက်ပေးခဲ့တဲ့လူတွေအတွက်၊ ညီမတို့ရဲ့ မွေးလာမယ့် ကလေးအတွက်၊ ပြီးတော့ အခုလိုအစစအရာရာ ဖိနှိပ်ခံရတာတွေ၊ကျပ်တည်းမှုတွေ၊ ဒုက္ခရောက်ရတာတွေ အမြန်ဆုံး ပြီးသွားဖို့အတွက် ဒီတိုက်ပွဲကို တော့ အနိုင် တိုက်ရမှာပဲ”

 ပြည်သူမှာ ပြည်သူသာရှိကြောင်း၊ လူမျိုး ဘာသာမရွေးကိုယ့်နိုင်ငံ၊ ကိုယ့်မျိုးဆက် အနာဂတ် အတွက် ရတဲ့နည်းလမ်းမျိုးစုံနဲ့ တော်လှန် ဖန်တီးယူရမှာဖြစ်ကြောင်း သူမကထပ်ပြောပါသေးတယ်။ တော်လှန်ရေး ကာလ အတွင်း မိသားစုတာဝန်တွေကို ပုခုံးထမ်းပြီး တိုင်းပြည်အတွက် အနစ်နာခံပေးနေတဲ့ အမျိုးသမီးထုကြီးဟာ   မြန်မာပြည်မှာ အမှန်တကယ်ရှိနေပါတယ်။ 


မြန်မာ့နွေဦးတော်လှန်ရေးတပ်ဦး