တော်လှန် မိခင်


2021-07-03

“တော်လှန်ရေးတာဝန် ဆိုတာ Gen-Z တွေ ၊ လူငယ်တွေမှာပဲရှိတာ မဟုတ်ပါဘူး ။ လူတိုင်း ၊ အသက်အရွယ်မရွေး ရတဲ့နည်းနဲ့ ရတဲ့ပုံစံနဲ့ တတ်နိုင်သလောက် ပါဝင်လုပ်သွားကြရမှာပါ။ အစောပိုင်း တော်လှန်ရေး စကတည်းက သား ကို တတ်နိုင်သလောက် Support ပေးခဲ့တယ် ။ ခုလည်း ကိုယ်တိုင်ပါဝင်ပြီး ရတဲ့နည်းနဲ့ အားဖြည့်နေတယ်"

စားသောက်ကုန်မျိုးစုံ အိမ်ဆိုင် အသေးစားလေး ဖွင့်ထားပြီး သား ဖြစ်သူကို ကျောင်းထားလာခဲ့သော သူမ ။ အမေ တစ်ခု သား တစ်ခု ဘဝနဲ့ သားဖြစ်တဲ့သူ ဘွဲ့ တစ်ခုရ ၊ လုပ်ငန်းခွင် မြန်မြန် ဝင်ရရေး မျှော်မှန်းထားခဲ့တဲ့ သူမ တစ်ယောက် အကြမ်းဖက် စစ်အစိုးရ၏ မတရား အာဏာသိမ်းခဲ့တာကြောင့် အနာဂတ် စိတ်ကူးများ အားလုံး လမ်းစပျောက်ခဲ့ပါပြီ။

“သားသမီး ဆီက ပြန်မျှော်ကိုးတာတော့ မဟုတ်ဘူး။ အန်တီ့ အတွေးနဲ့ အန်တီ စဉ်းစား ထားတာက ဪ ကိုယ့်သားကို အိမ်ဆိုင်လေးနဲ့ ကျောင်းထားပေးလာတာ ဘာလိုလိုနဲ့ ကျောင်းပြီးတော့မယ် ပေါ့ ။ ကိုယ့် သား ဘွဲ့တစ်ခုရ ၊ အလုပ်ရပြီဆိုရင် ကိုယ်လည်း ဝန်ပေါ့သွားမယ်။ သူလည်း သူ့ခြေထောက်ပေါ်သူ တဖြည်းဖြည်းချင်း ရပ်တည်သွား နိုင်မယ်ပေါ့ဆိုပြီး။ ဟော ကိုဗစ်ကဖြစ် ၊ ပြီးတော့ကျ ဆေးတွေထိုးလို့ရတော့မယ် ၊ မကြာခင် ပုံမှန် ပြန်လည်ပတ်နိုင်တော့မယ်. တော်သေးရဲ့လို့ ကြံခါရှိသေး။ ဝုန်းဆို အာဏာထသိမ်းတော့  အားလုံးသွားရော"

ဘဝဖြတ်သန်းမှု တစ်လျှောက် နိုင်ငံရေး အချိုးအကွေ့ အတော်များများကို အတွေ့အကြုံရှိထားတဲ့ သူမလို မိခင် တစ်ယောက် အနေနဲ့ ဒီတစ်ကြိမ်တိုက်ပွဲမှာတော့ အာဏာရှင်မျိုးဆက်ကို အပြီးတိုင် အမြစ်ဖြတ် ချေမှုန်း ရမှာဖြစ်တဲ့အကြောင်း သူမ က မှတ်ချက်ပြုထားပါတယ်။

“အန်တီတို့က ရှင်ကြီးဝမ်းရော ရှင်ငယ်ဝမ်းရော ဝင်ခဲ့ဖူးပြီးပြီ … ဒီတစ်ခါကတော့ လုံးဝ အပြုတ်တိုက်မှ ရတော့မှာ.... ခုပဲကြည့်လေ ... တော်လှန်ရေးတစ်လျှောက် ဘယ်လိုတွေ သတ်ဖြတ် ဖမ်းဆီး ခံခဲ့ရလဲ၊ ဘယ်လိုဖိနှိပ်ခံနေရလဲ ဘယ်လိုတွေ ကျပ်တည်းလာနေလဲ အားလုံးအသိပဲ ။ အဲ့တာကြောင့် တော်လှန်ရေး စကတည်းက ကိုယ့် သား ကို စိတ်ပူတာတော့ပူတယ် ။ တစ်ဦးတည်းသောသားပဲ ပူတာပေါ့ ၊ဒါပေမဲ့ သားလုပ်စရာရှိတာ လုပ် ၊ နောက်မှာ အမေရှိတယ် ဆိုပြီး အစစ အရာရာ ပံ့ပိုးပေးခဲ့တာ”

သူမ အနေနဲ့ လက်ရှိမှာတော့ သားဖြစ်သူနဲ့အတူ တော်လှန်ရေး လှုပ်ရှားမှု တစ်စိတ်တစ်ပိုင်း ဖြစ်တဲ့ Online တော်လှန်ရေး အလှူငွေများကို ATM မှ ငွေကြေးထုတ်ယူပေးခြင်း အား တစ်ပတ် နှစ် ရက် တာဝန်ယူ လုပ်ကိုင်ပေးလျှက်ရှိနေတာဖြစ်ပါတယ် ။

“သားကပြောလာတာနဲ့ အေး .... အမေတို့ လုပ်ကြမယ်ဆိုပြီး ဆိုင်အတွက် ဈေးဝယ်ထွက်တဲ့ ရက်နဲ့ကိုက်ပြီး တစ်ပတ် နှစ် ရက် ATM မှာ ငွေထုတ်တာဝန် ယူဖြစ်ခဲ့ကြတာ ၊ ကျန်တဲ့ ရက်အလိုက် တာဝန်ယူ လုပ်ပေးနေကြတဲ့ လူတွေလည်း ရှိတယ် ။ အဓိကကတော့ Online က အလှူငွေကို ငွေကြေး Cash ပြန်ထုတ်ပြီး တချို့ CDM တွေ ၊ တောတွင်းလေ့ကျင့်ရေး Camp တွေ အတွက် ပစ္စည်းဝယ်တာတွေ အတွက်သုံးဖို့ပေါ့ ။ ခုလိုအချိန်က ငွေထုတ် ၊ ငွေလွှဲ တွေက ခက်ခဲနေတာဆိုတော့ အန်တီလည်း ကိုယ်တတ်နိုင်တာလေး လုပ်အားဒါန ပါမယ်ဆိုပြီး သားအမိ နှစ် ယောက် အလှည့်ကျ ATM သွားတန်းစီကြတာ”

တော်လှန်ရေးအောင်ပွဲပန်းတိုင် သို့သွားရာမှာ နည်းတယ် များတယ် ၊ ကြီးတယ် သေးတယ် ဆိုတာမရှိဘူး။ အမျိုးသမီး ၊ အမျိုးသား၊ လူကြီး၊  လူငယ် အားလုံး မိမိတို့တတ်နိုင်ရာမှာ ပါဝင်လိုက်မယ်ဆိုရင် ကောင်းသောအရွေ့ ကို ဦးတည်စေနိုင်မယ်လို့  ယုံကြည်တဲ့အကြောင်း သူမက ပြောထားတယ်။

“ဘယ်သူမဆို ပါဝင်ဖို့ အရေးကြီးတယ်လို့ ပြောချင်တယ် ။ ဥပမာ အန်တီ တို့လို အဒေါ်ကြီးတွေလည်း လုပ်လို့ရတဲ့ ကဏ္ဍတွေ ရှိတယ်။ တော်လှန်ရေး တာဝန်ဆိုတာ လူငယ်လေးတွေမှ ၊ ယောကျာ်းသားတွေရယ်မှ မဟုတ်ဘူး ၊ လူတိုင်း အသက်အရွယ်တိုင်း ၊ ကျား/မ မရွေး ကိုယ်တတ်နိုင်တဲ့ ကဏ္ဍ ကနေ ပါဝင်သွားရင် ကြိမ်းသေ အောင်ပွဲဆင်နိုင်မှာပဲ”

မြန်မာ့နွေဦးတော်လှန်ရေးတပ်ဦး