“အဖေက နိုင်ငံရေးပဲလုပ်နေတာပဲလို့ သမီးတို့က အမြဲပြောတယ်။ တကယ့် နိုင်ငံရေးက၊ တ ကယ့် တော်လှန်ရေးက အခုမှစမှာတဲ့…အဖေပြောသွားခဲ့တာ အခုထိ နားထဲက မထွက်ဘူး။”
ရပ်ရေးရွာရေး ကိစ္စတွေတိုင်း သူအမြဲပါတတ်ပြီး အိမ်စီးပွါးရေးမှာ တချို့တလေ ပျက်ကွက်တတ်လို့ အမေငြူစူတာ မကြာခဏ ခံရတတ်တဲ့ သူမ အဖေ။ ရပ်ရွာထဲ ကလေး၊ လူကြီးအားလုံး သူ့ကို မသိသူ မရှိပဲ လူချစ်လူခင်ပေါတဲ့ သူမရဲ့ ဖခင်တစ်ယောက် ယခုတော့ မိသားစုကို ထားသွားခဲ့လေပြီ။ စစ်တပ်က မတရားအာဏာသိမ်းလိုက်ပြီးနောက်ပိုင်း သူမတို့ မြို့လေး၏ ပထမဆုံး အာဏာရှင်ဆန့်ကျင်ရေး လမ်းပေါ်ထွက် လူထုဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့သူ သူမတို့ ဖခင်တစ်ယောက် အဖမ်းအဆီးများကြားက တော်လှန်ရေးခရီးကို မမှိတ်မသုန် လျှောက်လှမ်းခဲ့ပြီး သူမတို့ မိသားစုမှာ လည်း အမျိုးများရှိရာ လုံခြုံရာသို့ ရွေ့ပြောင်းနေခဲ့ရခြင်း ဖြစ်သည်။
“အဖေက နိုင်ငံရေးစိတ်ဝင်စားတယ်။ ပရဟိတလည်း ဝါသနာပါတယ်။ တောက်လျှောက် အပြင် ထွက်နေရတာ များတယ်။ အိမ်မှာဖွင့်ထားတဲ့ဆိုင်မှာ ကောင်တာထိုင်တယ်ဆိုတာ ခပ်ရှားရှားပဲ။ နွေဦး တော်လှန်ရေး စတော့လည်း တောက်လျှောက် အပြင်မှာပဲ သွားလာနေခဲ့တာ။ နောက်ပိုင်း တောထဲသွား လက်နက်ကိုင် တော်လှန်မယ်ဆိုတော့ စိတ်ပူပေမယ့်လည်း စီစဉ်စရာရှိတာ စီစဉ်ပြီး ကျန်ခဲ့တဲ့ မိသားစု တွေ လွတ်ရာကျွတ်ရာ ရှောင်နေခဲ့ကြရတာပေါ့။ အမေကတော့ ပွစိပွစိပဲဆိုပေမယ့် ညီမတို့ အားလုံးက အဖေ့ကို ယုံကြည်ကြတယ်လေ။”
ဖမ်းဆီးဖိနှိပ်မှုတွေကြား တောထဲရောက် တိုက်ပွဲဝင်နေသည့် သူမ၏ ဖခင်နှင့် အဆက်အသွယ်ရတိုင်း အပြန်အလှန် တော်လှန်ရေးသတင်းတွေ ဖလှယ်ကြရင်း၊ အလှူငွေများ လွှဲပေးရင်း တော်လှန်ရေးကာလ ကို ဖြတ်သန်းခဲ့ကြပါ၏။ တစ်ရက်တော့ တိုက်ပွဲများကြား လက်အောက်ငယ်သား အဖွဲ့သားများအား ကာကွယ်ရင်း ဖခင် ဖြစ်သူ ကျဆုံးသွားကြောင်း သတင်းကြားလိုက်ရချိန်မှာတော့ သူမ၏ကမ္ဘာတစ်ခုလုံး ပြိုလဲသွားသလို ခံစားခဲ့ရ ပါတော့သည်။
“သူက သံယောဇဉ်ကြီးတယ်၊ တစ်ခုခုဆို အမြဲအနစ်နာခံတတ်တယ်။ အဖေက ကိုယ့်ကိုယ်ကို သ ရဏဂုံတင်ထားပြီးသားတဲ့။ ကိုယ့်လူတွေကို လုံးဝ အထိအခိုက်မခံဘူး၊ အဆုံးထိတိုက်သွားမှာတဲ့ သူအမြဲ ပြောနေကျ..။ ကြားရတဲ့သတင်းကလည်း ကလေးတွေကို ကာကွယ်ပေးပြီး ခံပစ်ရင်း ကျဆုံးသွားခဲ့တာ တဲ့။ အဖေ့လို ပေးဆပ်ထားရတဲ့ သူတွေ ဒီတော်လှန်ရေးကြီးထဲမှာ အများကြီးပဲ။ ညီမကတော့ အဖေ့လိုပဲ ကိုယ့်ခံယူချက်အတိုင်း ရတဲ့နည်းနဲ့ ဆက်ပြီးတော်လှန်သွားဦးမှာ။”
သူမ အနေဖြင့်လည်း ရှောင်တိမ်းနေရသည့်ကြားက PDF များအတွက် အလှူငွေများ စုစည်း ကောက်ခံ စီမံပေးခြင်း၊ အစစအရာရာ ခက်ခဲလာနေသော ပြည်သူများအတွက် အခြေခံစားသောက်ကုန် များအား လှူဒါန်းပေးခြင်း၊ လှုပ်ရှားမှုများအား နောက်ကွယ်မှ ပံ့ပိုးပေးခြင်းများ ပြုလုပ်ကာ ဆက်လက်တော်လှန်လျက် ရှိနေသည်။
“အမှတ်တရအနေနဲ့ အဖေ့ကို အလှူငွေကိစ္စတွေအတွက် နာမည်ကို ပြောင်းပြီးလုပ်ဖို့ ပြောကြ တော့ အဖေက တလျှောက်လုံး ပရဟိတတွေလုပ်၊ သပိတ်ခေါင်းဆောင် လုပ်ခဲ့တာတွေရှိတော့ သူ့ကို သိ ကြတဲ့ အတွက် နာမည်ပြောင်းလိုက်ရင် အလှူရှင်တွေ မယုံကြမှာဆိုးလို့ ဆိုပြီး နာမည်အရင်းနဲ့ပဲ လုပ်ခဲ့ တာ။ အခုတော့ ညီမက အဲ့ကိစ္စတွေကို ဆက်ပြီး ကိုယ်တတ်နိုင်သလောက် လုပ်ပေး နေဖြစ်တာပေါ့။ နောက်ပြီး လှူရင် ဖမ်းကြတော့ “လိုရင်ယူ ပိုရင်လှူ” လှုပ်ရှားမှုပုံစံမျိုးကိုပဲ စတိလောက် ပိုက်ဆံယူ ပြီး ဆန်၊ ဆီ၊ ကြက်ဥ သုံးမျိုးပေါင်းကို (၁၀၀) ကျပ်နဲ့ ရောင်းပေးတာမျိုး စသဖြင့် အဲ့လိုပုံစံပြောင်းပြီး လုပ် ပေးဖြစ် နေကြတာ။”
သူမအနေဖြင့် ရရာနည်းလမ်းပေါင်းစုံဖြင့် အာဏာရှင်ကို ဆက်လက်တော်လှန်သွားမှာ ဖြစ်ကြောင်း ဆိုထားသလို ပြည်သူများအနေဖြင့်လည်း သွေးမအေးပဲ ဆက်လက်တိုက်ပွဲဝင်သွားကြဖို့ တိုက်တွန်း ထားပါသည်။
“ညီမလည်း အရမ်းဝမ်းနည်း စိတ်ထိခိုက်ရတာပေါ့။ ဒါပေမယ့်လည်း အဖေ့လို အသက်ပေးသွား ခဲ့ကြတဲ့ သူတွေ အချည်းအနှီးမဖြစ်အောင်၊ တော်လှန်ရေးကို ရတဲ့နေရာကပါဝင်ပြီး အဆုံးအထိ ဆက် တိုက်နေဖို့ လိုတယ်လေ။ ခံပြင်းတယ်၊ ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်တယ်ဆိုရင် သွေးမအေးကြ ပဲ ကိုယ်တတ်နိုင်တာလုပ်ပြီး တော်လှန်ရေးကို နိုင်အောင် ဝိုင်းတိုက်ကြပါလို့ ပြောချင်ပါတယ်။”