“တော်လှန်ရေးကို ကိုယ်တတ်နိုင်တဲ့ ပုံစံနဲ့ ဆက်လုပ်ကြရမှာပဲ။ အသက်ပေးသွားခဲ့တဲ့ သူတွေ၊ ထောင်ထဲက သူတွေ၊ တောထဲမှာ အပင်ပန်းခံနေကြတဲ့ သူတွေ အချည်းအနှီး မဖြစ်ရအောင်ပေါ့။”
ယခင်က ပုဂ္ဂလိက ကုမ္ပဏီတစ်ခုတွင် Graphic Designer တစ်ယောက်အဖြစ် လုပ်ကိုင်ခဲ့သော သူမသည် လက်ရှိတွင် မတရားအာဏာသိမ်းစစ်ကောင်စီကြောင့် အလုပ်နားထားရပြီး အဘက်ဘက်က ကြပ်တည်းလာမှုများအကြား အခြားသော ပြည်သူများနည်းတူ ရုန်းကန်ရင်း ရရာနည်းလမ်းဖြင့် တော်လှန်လျက်ရှိ သည်။ တော်လှန်ရေးစတင်ချိန်က အပျော်တမ်းဖွဲ့ထားသော စက်ဘီး စီးအဖွဲ့များနှင့် အတူ ဆန့်ကျင်လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသော်လည်း လက်ရှိတွင် ကိုယ်တတ်နိုင်ရာ မြို့နယ်အလိုက် ဆေးဝါး၊ အစားအစာ၊ အောက်စီဂျင် ပံ့ပိုးခြင်းများကို ကိုဗစ်ကြားက လိုက်လံ လုပ်ဆောင် ပေး နေဆဲဖြစ်သည်။
“ကိုဗစ်ကြောင့် အိမ်ကနေ အလုပ်လုပ်ကြရတဲ့ အချိန်က အပျော်တမ်းဖွဲ့ထားတဲ့ စက်ဘီးစီး အဖွဲ့ လေးရှိတယ်။ အာဏာသိမ်းပြီး လမ်းပေါ် စထွက်ကြတော့လည်း ဒီအဖွဲ့နဲ့ပဲ Free Ride ပို့တာတွေ၊ လို ရင်ယူ ပိုရင်လှူလှုပ်ရှားမှုတွေ လုပ်ခဲ့ကြတာ။ နောက်ပိုင်း အဖမ်းအဆီးတွေ များလာပြီး ညီမတို့ အဖွဲ့ထဲက လူတချို့ အဖမ်းခံရတာတွေ ရှိခဲ့တော့ ဆက်ပြီး CDM အလှူငွေတွေထုတ်ပေးဖို့ ATM တန်းစီတာတွေ လုပ်ခဲ့ကြတယ်။ အခုတော့ ပြည်သူတွေတော်တော်များများ မိသားစုလိုက်တွေ ကိုဗစ်ဖြစ်ကြပြီး အောက် စီဂျင် တန်းစီဖို့၊ စားစရာ ဝယ်ဖို့တောင် အဆင်မပြေကြတော့တဲ့ အခြေအနေတွေ ဖြစ်နေကြတာနဲ့ ညီမ တို့က ရပ်ကွက်အလိုက် တာဝန်ယူပြီး ကူညီပေးဖြစ်နေကြတာ။”
ထို့အပြင် ဖမ်းဆီးခံလိုက်ရသည့် သူမတို့ အဖွဲ့သားများ၏ မိသားစုများအား ဝိုင်းဝန်း ထောက်ပံ့ပေးခြင်းများ၊
ရှေ့နေအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်းများ၊ မိမိ တို့တတ်ကျွမ်းရာများအလိုက် တော်လှန်ရေး
စာစဉ်များတွင် ပါဝင်ခြင်းများဖြင့် တတ်နိုင်သည့်ဘက်မှ အာဏာရှင်စနစ်ကို ဆန့်ကျင်လျက်ရှိသည်။
“ထောင်ထဲမှာ ကိုဗစ် ကူးကြတာတွေ များတယ် ကြားရတော့ ကိုယ့်လူတွေကို စိတ်ပူရတယ်။ တစ်လောကပဲ ထောင်တွင်း ဆန္ဒထုတ်ဖော်ကြလို့ ဆိုပြီး ရက်ရက်စက်စက် နှိမ်နင်းတဲ့ သတင်းတွေလည်း ထွက်လာသေး တယ်ဆိုတော့လေ။ ဒီတော်လှန်ရေးကြီး မြန်မြန်ပြီးအောင် နည်းမျိုးစုံနဲ့ လုပ်နေတာပေါ့။ ညီမတို့ စက်ဘီးစီး အဖွဲ့လေးမှာ ရုံးကလူတွေ တော်တော်များများ ပါကြတာ ဆိုတော့ ဇာတ်ညွှန်းသမား တွေ၊ ကိုယ့်လို Graphic သမားတွေ၊ ဒီဇိုင်းသမားတွေ ချည်းပဲ။ အဲ့ဒါနဲ့ လက်ရှိ Social Media တွေမှာ အ ပတ်စဉ် ဖော်ပြနေတဲ့ တော်လှန်ရေးစာစဉ်တွေမှာ ဝင်ပါပြီး တစ်ဖက်တစ်လမ်းက ပါဝင်တော်လှန်ဖြစ် နေကြတာ။ ဘာပဲဖြစ်ဖြစ် ပြည်သူတွေ သတင်း မျက်ခြည်မပြတ်အောင်ရယ်၊ စိတ်ခွန်အား ရအောင်ရယ် ပေါ့။”
သူမ အနေဖြင့် တော်လှန်ရေးသို့ ချီတက်ကြရာတွင် ပြည်သူများ ကိုဗစ်ကြောင့် နှောင့်နှေးနေရခြင်းမျိုး မဖြစ်စေရေးအတွက် ယခုအချိန်တွင် ကျန်းမာရေးနှင့်ပတ်သက်သည့် အကူအညီများကို အဓိက ကူညီ ပေးဖြစ်နေကြောင်း သူမ၏ အမြင်နှင့်ခံယူချက်ကို ဖွင့်ဟထားသည်။ လတ်တစ်လောတွင် ကြက်ဥတစ် လုံး ငွေတစ်ကျပ်နှုန်းဖြင့် ပြည်သူများ တစ်ဦးလျှင် ငါးလုံးကျ ဝယ်ယူနိုင်သည့် လှုပ်ရှားမှု တစ်ခုကိုလည်း အဖွဲ့သားများနှင့် လုပ်ဆောင် ခဲ့ပြီး ပါဝင်လှူဒါန်းလာသော အလှူရှင်များ ရှိလာခဲ့သည့်အတွက် ဆက် လက် လုပ်ဆောင်သွားနိုင်ရန် ပြင်ဆင်လျက်ရှိ သည်။
“အခုလက်ရှိမှာက ကိုဗစ်ကြောင့် ဆေးဝါးတွေ၊ ကြက်ဥလို အခြေခံစားသောက်ကုန်တွေ ဈေး တက် လာတာတွေ တွေ့လာရတော့ ဒီလို ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကူအညီ လှုပ်ရှားမှုတွေကို အဓိ က လုပ်ဖြစ်နေကြတာပေါ့။ ကိုဗစ်ကြောင့် တော်လှန်ရေးကြီး အရှိန်ကျသွားမှာကို မဖြစ်စေချင်လို့ပါ။ ကိုယ်တိုင်လည်း အလုပ်တွေ နားထားရတော့ အခက်အခဲတွေ ရှိတယ်ဆိုပေမယ့်လည်း ရတဲ့ နည်းနဲ့တော့ တော်လှန်ရေးကို ဆက်လုပ်သွားဦးမှာပါပဲ။ ပြည်သူမှာ ပြည်သူပဲ ရှိတာမို့လို့ပါ။”
သူမ၏ တော်လှန်ရေးအောင်ပွဲအပြီး အဖြစ်ချင်ဆုံးဆန္ဒမှာ လွတ်မြောက်လာမည့် သူမ၏ အဖွဲ့သားများ နှင့် လူစုံတက်စုံ စက်ဘီးစီးလိုခြင်း ဖြစ်ကြောင်း ပြောဆိုထားသည်။