တော်လှန်ကြယ်ပွင့်


2022-11-05

လူတိုင်းကတော့ ကိုယ့်အပူနဲ့ကိုယ်ပါပဲ..၊ ဒါပေမယ့် မိသားစုကြောင့်၊ စီးပွါးရေးကြောင့်ဆိုပြီး ကိုယ်နေ သာသလို နေနေရင်တော့ ဘယ်တော့မှတော်လှန်ရေးက ပြီးမှာမဟုတ်ဘူးလေ…”

သူမ ရင်ထဲဘယ်လိုမှ နေလို့မကောင်းဖြစ်နေသည်။ စားလို့စားနေမှန်းမသိ၊ အရသာမသိ၊ အိပ်လည်းမပျော်နဲ့ ကိုယ် တိုင် အသက်ရှင်ရတာကို မလုံမလဲလိပ်ပြာမသန့်သလို ခံစားနေရသည်။ သူမ  ကနိုင်ငံရေးတော့ သေချာ နားမလည်။ သို့သော် လက်နက်မဲ့ ဆန္ဒပြပြည်သူတွေကို ပစ်ခတ်နှိမ်နင်းသည့် လုပ်ရပ်မျိုး ကိုတော့ သူမ ဘယ်လိုမှ လက်မခံနိုင်။ သူမ၏ ညီမအငယ်ဆုံးအရွယ်သာ ရှိလောက်မည့် ညီမလေး မြသွဲ့သွဲ့ခိုင် တစ်ယောက် ကျည်သင့်ပြီး ကြွေလွင့်ခဲ့ရ ကြောင်း သတင်းမှစ၍ လူကြီးလူငယ် ပြည်သူများအား ပစ်ခတ်သတ်ဖြတ်နေတဲ့ သတင်းတွေ တောက်လျှောက် ကြားလာရချိန်မှာတော့ သူမ ဘယ်လိုမှ ဖြည်မဆယ်နိုင်ပဲ ဖြစ်ရသည်။ ဒီလို ဖြစ်ရပ်တွေ အဆုံးသတ်နိုင်ဖို့ စစ်အာဏာရှင်ကို တိုက်ထုတ်သွားနိုင်မှ ဖြစ်မယ်လို့ သိလိုက်ရတဲ့နောက် တော်လှန်ရေး လှိုင်းလုံးထဲကို ရောက်မှန်းမသိ ရောက်လာခဲ့ လေတော့သည်။

            “ပွင့်ပွင့်လင်းလင်းပြောရရင် အာဏာသိမ်းခါစ လူတွေလမ်းပေါ်ထွက်ကြတဲ့ အချိန်အထိ ဘာမှတော်လှန် ရေးနဲ့ပတ်သက်ပြီး မလုပ်ဖြစ်သေးဘူး။ ကိုယ့်စီးပွါးရေးကလည်းရှိတာရယ် သမီးက ငယ်သေးတာရယ်ကြောင့် ကိုယ့်ကိစ္စတွေနဲ့ လုံးပမ်းနေတာနဲ့ ဘာမှမလုပ်ဖြစ်ခဲ့ဘူးပေါ့။ အဓိကစီးပွါးရေးက ကျောက်အရောင်းအဝယ် လုပ် တာဆိုတော့ ပစ္စည်းတွေလုံခြုံအောင် ပြန်ရွှေ့ရ၊ ဘဏ်ကငွေတွေပြန်ထုတ်ရနဲ့ ရှုပ်နေခဲ့တာ။ ပြည်သူတွေကို သတ် ဖြတ်နေတာတွေ တွေ့လာရတော့ ဘယ်လိုမှနေလို့မရတော့ဘူးလေ။ အဲ့ဒါနဲ့ ကိုယ်နိုင်သလောက် အလှူငွေကောက် ပေးတာ၊ ဝရမ်းထုတ်ခံရတဲ့ ကလေးတွေအတွက် နေစရာကူညီပေးတာတွေ လုပ်ပေးဖြစ်တာ..။”

ခင်ပွန်းဖြစ်သူမှာလည်း တော်လှန်ရေးကာလ စတင်ကတည်းက CDM လုပ်ထားသူဖြစ်ရာ သူမတော်လှန်ရေး ကိစ္စ များဖြင့် လုံးပမ်းနေချိန်၌ မိသားစုကို ဂရုစိုက်ပေးလျှက် လုံခြုံရာသို့ ရွေ့ပြောင်းနေထိုင်နေရ၏။ ငွေကြေးကိစ္စများ အဓိက ကူညီလုပ်ဆောင်နေခြင်းဖြစ်၍ စစ်အာဏာရှင်များဘက်မှလည်း နေရာသို လာရောက်ရှာဖွေမှုများ ရှိသည့် အတွက် သူမတို့ အစစအရာရာ ပိုပြီးသတိထားနေကြရခြင်းဖြစ်သည်။ သမီးအငယ်လေး တစ်ဖက်နှင့်မို့ အစစ အရာရာ ကသီပေမယ့် ယခုတော်လှန်ရေးသည် သမီးလေး၏ အနာဂတ်အတွက်လည်းများစွာ သက်ဆိုင်နေသည် ဟု သူမတို့ဇနီးမောင်နှံနှစ်ဦးစလုံး ခံယူထားသည့်အတွက် အားသွန်ခွန်စိုက် တတ်နိုင်သလောက် လုပ်နေကြခြင်း ဖြစ်သည်။

            “ကိုယ်တွေက စီးပွါးရေးလုပ်နေတဲ့သူတွေဆိုတော့ ဘဏ်ပိုင်းဆိုင်ရာတွေ၊ ငွေလွှဲ၊ ငွေထုတ်တွေ ပိုရင်းနှီး တယ်၊ ပိုနားလည်တယ်လို့ ထင်တဲ့အတွက် အလှူငွေကိစ္စတွေကို တာဝန်ယူပေးဖြစ်တာ။ ဒီအတောအတွင်း  ငွေ ထုတ်ရတာ ပိုခက်ခဲလာတာကြောင့် အဖွဲ့လိုက် စေတနာ့ဝန်ထမ်း တန်းစီ ငွေထုတ်ပေးတာမျိုးတွေလည်း ဦးဆောင် လုပ်ပေးဖြစ်တယ်။ တောထဲက ကလေးတွေအတွက် လိုအပ်တာတွေရှိနေသေးတော့ အလျင်မှီအောင် ဒီဖက်ကပို့ ပေးနိုင်ဖို့ လုပ်ကြရတာပေါ့။ ကိုယ်ကျွမ်းကျင်တာ၊ ကိုယ်တတ်နိုင်တာလေးတွေနဲ့ ရသလောက်ပါဝင် တော်လှန်နေ မှ ဒီအရွေ့က သွားနေမှာလေ။”

အဖမ်းအဆီးများ ပိုမိုတင်းကြပ်လာနေသည့်ကြားက တိမ်းရှောင်လာကြသည့် လူငယ်လေးများအား သူမတို့ နေစ ရာစီစဉ်ပေးထားကာ ပုန်းအောင်းနေစေခဲ့သည်။ လတ်တလော ရရှိထားသော ငွေသားအချို့ပေးရန် သူမ ထိုပုန်းခို ရာ တိုက်ခန်းသို့သွားရောက်ချိန်မှာတော့ သူမတို့အား ဝင်ရောက်ဖမ်းဆီးခြင်း ခံရတော့သည်။ မူလကတည်းက အရေးအကြောင်းဆိုပါက တိုက်ခေါင်မိုးထက်မှပြေးကြဖို့ သူတို့အားလုံးကြိုတင်တွေးထားခဲ့သော်လည်း တကယ် တမ်း အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ပစ်ခတ် ဖမ်းဆီးသည့်အချိန်မှာတော့ ထင်သလောက်မလွယ်ခဲ့တော့ပေ ။ တိုက်အမိုးပေါ် ပြေးကြရင်း သူမတို့ အဖွဲ့သားတစ်ယောက်ကျည်ဆံထိမှန်သွားခဲ့ချိန်မှာတော့သူမတို့အားလုံးအဖမ်းခံရပြီးနှိပ်စက်သတ်ဖြတ်ခံရမည့်အစား ကိုယ်တိုင်အဆုံးစီရင်ကြဖို့ ထိုအချိန် တဒင်္ဂလေးအတွင်းမှာပင်  ဆုံး ဖြတ်ခဲ့ကြပါတော့သည်။

            “သူက သေရမယ်ဆိုရင် ကျွန်တော့ထက်အရင် သေချင်တယ်လို့ ပြောခဲ့ဖူးတယ်။ အခုတော့ သူကျွန်တော် တို့ သားအဖကို ထားခဲ့ပြီး မိုးပေါ်ပျံတက်သွားခဲ့ပြီ။ ဘယ်လိုမှ ဖြည်လို့မရသေးပေမယ့် သူ့လို ပေးဆပ်ခဲ့တဲ့သူတွေ အတွက်၊ သမီးလေးလို မျိုးဆက်သစ်တွေရဲ့ အနာဂတ်အတွက် ဒီတော်လှန်ရေးကို နိုင်အောင် တတ်နိုင်တဲ့နေရာက ပါဝင်တော်လှန်ကြပါလို့ ပြောချင်တယ်။”(သူမ၏ခင်ပွန်းဖြစ်သူ)

သူမကဲသို့ မတရားမှုများကို ဆန့်ကျင်ရင်း မတရားအာဏာသိမ်း စစ်အစိုးရအား ကျရာနေရာမှ တတ်နိုင်သည့် ပုံစံ မျိုးစုံဖြင့် တော်လှန်နေကြသော ရဲရဲတောက်အိမ်ရှင်မများ၊ မိခင်များ၊ လူငယ်များ များစွာရှိနေပါသည်။ ကြွေလွင့် သွားခဲ့သော ပေးဆပ်သူကြယ်ပွင့်များ၏ ဆန္ဒမှာလည်း ပြည်သူများအားလုံး သွေးမအေးပဲ အဆုံးအထိ ကျရာနေ ရာမှ တော်လှန်သွားကြဖို့သာ ဖြစ်ပေလိမ့်တော့မည်။

မြန်မာ့နွေဦးတော်လှန်ရေးတပ်ဦး