“ပေးဆပ်ထားရတာတွေ အရမ်းများနေပြီ။ ဒီပွဲကို အနိုင်တိုက်မှကိုဖြစ်မှာ။ အခုတောင် အစစအရာရာ ခက်ခဲ ကြပ်တည်းလာနေတာ အားလုံးအသိပဲလေ။”
အလွှာစုံမှပြည်သူများအားလုံးစစ်အာဏာရှင်ကိုနည်းမျိုးစုံဖြင့်တွန်းလှန်ကြရာတွင် တော်လှန်ရေးကာလနှစ်တစ်ဝက် ကျော်လာသည်နှင့်အမျှ တော်လှန်ရေးအရှိန်အဟုန်မြင့်တက်လာသလို တစ်ဖက်တွင်လည်း စားဝတ်နေ ရေးကြပ်တည်းလာမှုများနှင့် အဖက်ဖက်ကကြပ်တည်း ခက်ခဲလာမှုများကို ရင်ဆိုင်နေကြရသည်။ သူမသည် လည်းတော်လှန်ရေး ရေစီးကြောင်းကြီးအတွင်းမှ အုပ်တစ်ချပ်၊ သဲတစ်ပွင့်အဖြစ် CDM လုပ်ကာ တော်လှန်ရင်း ခက်ခက်ခဲခဲ ဖြတ်သန်းလျက်ရှိနေသည်။ လုပ်သက်ရင့် အထက်တန်းပြ ဆရာမတစ်ဦးအဖြစ် မကြာမီ ပင်စင်သွား ရတော့မည့်အချိန်တွင် အာဏာသိမ်းလိုက်သည်နှင့်ကြုံရာ သူမတို့ လုပ်ဖော်ကိုင်ဖက်များ အားလုံးနီးပါး CDMလုပ် ကာ တော်လှန်ခဲ့ကြခြင်းလည်းဖြစ်သည်။
“ဆရာမတို့က ဒီနယ်ကပဲ။ ဒီမှာပဲတာဝန်ကျခဲ့တာများတော့ ကိုယ့်အလုပ်အပေါ်ရော ကိုယ့်တပည့်တွေ အပေါ်ရော သံယောဇဉ်ရှိတယ်။ ဒီလိုအခြေအနေတွေဖြစ်လာတဲ့အခါမှာ အကုန်လုံးကလည်း တစ်စိတ်ထဲပါပဲ။ ကိုယ် တတ်နိုင်တဲ့ ပုံစံမျိုးစုံနဲ့ တော်လှန်ကြတာ။ ပေးဆပ်ထားရတာတွေကတော့ အများကြီးပဲ၊ အရင်းအနှီးကြီးတာပေါ့။”
တော်လှန်ရေးအရှိန် မြင့်တက်လာသည်နှင့်အမျှ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် လက်နက်ကိုင်တော်လှန်မှုများ အရှိန်မြင့်တက်လာချိန်တွင် မြို့ပြများထက် နယ်ဒေသများ၌ တိုက်ပွဲများ ပိုမိုပြင်းထန်လာနေသလို စစ်ကောင်စီ ဖက်မှလည်း အင်တာနက်ဖြတ်ခြင်းများ၊ ရပ်ရွာများအား မီးရှို့ဖျက်စီးခြင်းများ ပြုလုပ်လျက်ရှိနေသည်။ သူမတို့ နယ်၌ မကြာသေးခင်ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်သားများ၏ အင်အားအလုံးအရင်းဖြင့် ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့မှုကြောင့် အသက်ပေးခဲ့ကြရသည့် လူငယ်လေးများထဲတွင် သူမ၏တပည့်များ ပါဝင်နေခဲ့ကြောင်း သတင်းကြားခဲ့ရချိန်မှာတော့ သူမဘယ်လိုမှ ဖြေမဆည်နိုင် ဖြစ်ခဲ့ရသည်။ အသက် (၂၀) ပင်မပြည့် သေးသည့် လူငယ်များမှ စစ်ကောင်စီတပ်များအား ရရာလက်နက်များဖြင့် ခုခံတိုက်ခိုက်ရင်း ကျဆုံးသွား ခဲ့ကြခြင်း လည်းဖြစ် သည်။
“ဆရာမ တပည့်အရင်းတွေပဲ နှစ်ယောက်ပါသွားတယ်ကြားတော့ ဘယ်လိုမှမယုံနိုင်ဘူး။ ကျန်တဲ့ ကလေး တွေဆိုလည်း (၂၀) ကျော်လေးတွေပဲ။ မိဘတွေကိုတောင် ချက်ချင်း အသိမပေးရက်ခဲ့ကြဘူး။ သူတို့တွေနဲ့ ပတ် သက်ပြီး အရမ်းနာကျင်ရသလို ကိုယ့်ကိုယ်ကိုလည်း အပြစ်တင်မိတယ်။ ကျမ ကလေးတွေအတွက် သင်းတို့ကို လုံးဝမကြေဘူး။ ဒီကောင်တွေကြောင့်သာမဟုတ်ရင် ဒီအရွယ်ကလေးတွေလည်း ဒီလိုဖြစ်စရာ အကြောင်းမရှိဘူး လေ။ သူတို့သာ အာဏာမရူးခဲ့ရင် ဒီလိုကလေးတွေဟာ ကျောင်းတက်ရင်း၊ ဂိမ်းဆော့ရင်း ပျော်နေကြရမှာ။”
သူမနှင့် ဘဝတူ CDM ဆရာမများ စုပေါင်းပြီး မိမိတို့ ဝမ်းရေးနှင့် တော်လှန်ရေးအတွက် ကြုံရာ၊ တတ်ကျွမ်းရာ အလုပ်များလုပ်ကိုင်လျက်ရှိပြီး လက်ရှိတွင်တော့ ပိတ်ကြယ်သီးများပန်းထိုးခြင်း၊ နိုင်ငံခြားရုပ်ရှင်များ မြန်မာစာတန်းထိုးရန်အတွက် ဘာသာပြန်ခြင်းများလုပ်ပြီး တော်လှန်ရေးအတွက် ပံ့ပိုးနေကြခြင်းလည်း ဖြစ်သည်။ တော်လှန်ရေးအောင်ပွဲသို့ သွားရာ၌ လက်တွေ့ကျသော ပြည်သူများ၏ ပူးပေါင်းပါဝင်ပံ့ပိုးမှုများ လို အပ်သည်ဟု သူမကခံယူထားသည်။
“ကျွန်မကတော့ တော်လှန်ရေးမှာ မြန်မြန်ပြီးချင်ပြီဆိုပြီး အော်နေလို့ အလုပ်မဖြစ်ဘူးလို့ပြောချင်တယ်။ လက်နက်ကိုင်ပြီး တိုက်တဲ့သူက တိုက်နေတယ်။ ကျန်တဲ့လူတွေက သူတို့နဲ့မဆိုင်သလို၊ သူတို့အလုပ် မဟုတ်သလို နေနေလို့မရဘူးလေ။ တစ်ခုခုဖြစ်သွားတော့မှ ကလေးတွေသနားပါတယ်ဆိုပြီး စိတ်မကောင်းထိုင်ဖြစ်နေလို့မှ မရ တာ။ ကိုယ်နိုင်သလောက် လှူတာ၊ ပံ့ပိုးပေးတာ၊ စစ်ကောင်စီ အုပ်ချုပ်လို့မရအောင်တော်လှန်တာ ဒါမျိုးတွေ ကိုယ် နိုင်သလောက် ပါဝင်ပြီးလုပ်နေမှဖြစ်မှာ။ ကျွန်မ တပည့်လေးတွေဆို သူတို့တတ်သလောက်လုပ်ထားတဲ့ လက်နက် လေးတွေနဲ့ ပြန်တိုက်သွားခဲ့ရတာ။ သူတို့အသက်ပေးခဲ့ရတာ အလဟဿ မဖြစ်အောင် ကျွန်မတတ်နိုင်သလောက် လုပ်သွားမယ်။”
သူမအနေဖြင့် ဆက်လက်ဖြတ်သန်းမည့် တော်လှန်ရေးလမ်း၌ ကျရာနေရာမှ အစွမ်းကုန်ပါဝင် တိုက်ပွဲဝင်သွားရန် သံဓိဌာန်ချထားပြီး လိုအပ်ပါက လက်နက်ကိုင်ပြီး ပါဝင်တိုက်ပွဲဝင်ရန်အထိပါ စိတ်ပိုင်းဖြတ်ထားကြောင်း ဆိုသည်။ ပြည်သူ့အစိုးရမှလည်း စက်တင်ဘာလအစောပိုင်းထဲက အရေးပေါ်အခြေအနေကြေငြာထားပြီး တိုက်ပွဲ ဝင် တော်လှန်ကြရန် အသိပေးကြေငြာထားရာ ပြည်သူများအနေဖြင့် ပိုမိုပူးပေါင်းပါဝင်တော်လှန် သွားကြဖို့ သူမ က သတင်းစကားပါးထားပါသည်။