နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သမ္မတဦးဝင်းမြင့်နှင့်နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်တို့ကို ယနေ့(စက်တင်ဘာလ၂၁ရက်)နေ့တွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် တရားရုံးက စွဲချက်တင် အမိန့်ချလိုက်သည်၊၊
နိုင်ငံ့ခေါင်းဆောင်များကို ဖေဖော်ဝါရီလ ပထမပတ်က အမျိုးသားဒီမိုကရေစိီအဖွဲ့ချုပ်(NLD) က ထုတ်ပြန်လိုက်သောစာနှင့်ပတ်သက်ပြီး ယခုကဲ့သို့ စွဲချက်တင်လိုက်ခြင်းဖြစ်သည်ဟု ရှေ့နေများအဖွဲ့ထံမှ သိရှိရသည်၊၊
"ပုဒ်မ ၅၀၅(ခ) နှင့်စွဲချက်တင်တယ်။ ဆူပူမှုဖြစ်အောင်လုပ်တယ်။ ဘာကြောင့်လဲဆိုတော့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကနေဖေဖော်ဝါရီ၇ရက်နေ့မှာ ထုတ်တဲ့စာနဲ့ပတ်သတ်ပြီး ဆန္ဒပြမှုတွေဖြစ်လာတယ် ၊ အဲ့ဒါတာနဲ့ပတ်သက်ပြီးစွဲချက်တင်တာပေါ့ " ဟု ရှေ့နေများအဖွဲ့ တရားလွှတ်တော်ရှေ့နေ ဦးကြည်ဝင်းက MPAသို့ အတည်ပြုပြောကြားသည်၊၊
ထိုသို့စွဲချက်တင်မှုအပေါ်တွင် စွပ်စွဲ ခံရသူ၏ အခွင့်အရေးအရ တရားလိုအပါအဝင် တရားလိုပြသက်သေများကို ပြန်ခေါ်ပြီး စစ်ဆေးရန် အခွင့်အရေးရှိကြောင်း သိရသည်၊၊
ထိုသို့ စွဲချက်တင်ရန် တရားရုံးက အမိန့်ချမှတ်ခြင်းနှင့် ပတ်သက်ပြီး "စွဲချက်တင်ပြီးတော့ တရားရုံးက အပြစ်ရှိလား မရှိဘူးလားမေးတဲ့အချိန်မှာ သုံးဦးစလုံးက အပြစ်မရှိကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ် "ဟု ရှေ့နေအဖွဲ့ကဆိုသည်။
NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်သော စာနှစ်စောင်နှင့် ပတ်သက်ပြီး စွဲချက်တင်ခဲ့သည့်အပေါ်တွင် တရားလွှတ်တော်ရှေ့နေ ဦးကြည်ဝင်းက" ပြောစရာ ဘာရှိလဲဆိုတော့ ဒီစာတွေက သူတို့ထုတ်တဲ့စာမှမဟုတ်ဘဲ ၊ ဖေဖော်ဝါရီ၁ရက်နေ့က တည်းက CEC ကိုဖမ်းထားတာလေ လောလောဆယ်တော့ တရားခွင်မှာရောက်နေတယ် ၇ရက်နေ့နဲ့ ၁၃ရက်နေ့မှာ ထုတ်တဲ့စာက သူတို့နဲ့ဘာမှမဆိုင်ဘူး " ဟု မှတ်ချက်ပြုပြောကြားသည်၊၊
အဆိုပါအမိန့်ကို ဇမ္ဗူသီရိမြို့နယ် တရားရုံးက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သောကြောင့် စွဲချက်ကို ပယ်ဖျက်ရန်အတွက် ခရိုင်တရားရုံးသို့ ဆက်လက်လျှောက်ထားသွားရန် စီစဉ်လျက်ရှိနေကြောင်း သိရသည်၊၊
အကြမ်းဖက်စစ်တပ်သည် ဖေဖော်ဝါရီ၁ရက်နေ့ အာဏာသိမ်းမှုကျူးလွန်ပြီးချိန်မှစ၍ နိုင်ငံ့ခေါင်းဆောင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် အနုပညာရှင်များကို ဖမ်းဆီးချုပ်နှောင်ထားလျက်ရှိပြီး ပုဒ်မမျိုးစုံဖြင့် တရားစွဲဆိုလျက်ရှိနေသည်၊၊