ရန်ကုန်မြို့၊ လှိုင်ဆန္ဒပြပွဲအပြီး အကြမ်းဖက်စစ်ကောင်စီမှ လမ်းသွားလမ်းလာ ပြည်သူ ၁၅ ဦးကျော်ကို ဖမ်းဆီးထားကြောင်း လှိုင်မြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့မှ ပြောသည်။
“လောလောဆယ် သုခမှတ်တိုင်နားကနေ သုခလမ်းလမ်းဆုံထိ လမ်းနှစ်ဘက်ပိတ်ထားတယ်။ အဲ့နားက ဖလန်နယ်ဘောက် (Flannel Box) ဆိုင်ရှေ့မှာ ကျား၊ မ ၁၅ ယောက်ထက်မနည်းဖမ်းပြီး ထိုင်ခိုင်းထားတယ်”ဟု လှိုင်မြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယနေ့ ညနေ ၄နာရီ ၃၀ မိနစ်က “ပိုင်ဖို့မလွယ်တဲ့ လှိုင်မြို့နယ်” လူထုသပိတ်ကို ရန်ကုန်မြို့ လှိုင်မြို့နယ်တစ်နေရာတွင် သပိတ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယင်းသပိတ်တွင် လူထုသပိတ်တိုက်ပွဲဝင် သပိတ်ရဲဘော်များ၊ CDM သူရဲကောင်းများ၊ တောတောင်ထဲက PDF သူရဲကောင်းများ၊ ထောင်တွင်းက ကျောင်းသားပြည်သူများ၊ အနီများ၊ အစိမ်းများအားလုံးသည် မည်သည့် အရောင်ကာလာကွဲပြားပါစေ၊ ပြည်သူလူထုသာဖြစ်ကြောင်းနှင့် ပြည်သူလူထု၏ အစိုးရသည် အမျိုးသားညီညွှတ်ရေး အစိုးရ၊ တော်လှန်ရေးအစိုးရ NUG ဖြစ်ကြောင်း “Accept NUG , Reject military” စာသားများ ကိုင်ဆွဲ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး အကြမ်းမဖက် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။
“ဒီနေ့ သုခဘက်မှာ ကလေးတွေ ဆန္ဒပြကြတယ်။ ဆန္ဒပြပွဲပြီးတဲ့နောက်မှာ ခွေးတွေရောက်လာတာ။ အခုထိစစ်နေတုန်း ကားလမ်းတွေ ပိတ်ထားတယ်။ အင်းစိန်လမ်း၊ သုခမှတ်တိုင်နားကနေ သုခလမ်းလမ်းဆုံအထိ လမ်း၂ ဘက်လုံး ပိတ်ထားတယ်”ဟု လှိုင်မြို့နယ်ပြည်သူတစ်ဦးက ပြောသည်။
လှိုင်မြို့နယ်၊ ရွာမကွေ့မီးပွိုင့်တွင် ကားများပိတ်ဆို့ တားဆီးစစ်ဆေးနေပြီး သုခမှတ်တိုင်အနီးရှိ သုခလမ်းထိပ်အား ကား ဖြတ်သွားဖြတ်လာခွင့် ယာယီပိတ်ထားသောကြောင့် လှည်းတန်းမီးပွိုင့်မှ စတင်ပြီး အင်းစိန်လမ်းတလျှောက် ကားလမ်းကျပ်တည်းမှုများ ဖြစ်ပေါ်နေကြောင်း ပြည်သူများထံမှ စုံစမ်းသိရှိရသည်။
“အခုက ကားလမ်းတွေ တော်တော်ပိတ်နေတာ။ အမတို့ဆို လှည်းတန်းမီးပွိုင့်မှာ ပိတ်နေတာ ၄၅ မိနစ်လောက်ရှိပြီ။ အခုထိကားက မရွေ့ဘူး။ ပူရတဲ့အထဲ စစ်ဆေးနေတယ်ဆိုတော့ လမ်းလည်း ဆင်းမလျှောက်ရဲဘူး”ဟု အင်းစိန်ဘက်ပြန်မည့် ဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိတွင် လှိုင်မြို့နယ်၊ အင်းစိန်လမ်းမပေါ်ရှိ သုခမှတ်တိုင်အနီး ရဲကား ၁ စီး၊ အကြမ်းဖက်စစ်ကောင်စီ တပ်သား ၈ ဦး၊ ပစ္စတိုသေနတ်ကိုင် အရပ်ဝတ်လူ ၃ ဦးနှင့် မော်တော်ပီကယ်များလည်း ရောက်ရှိနေကာ လမ်းမပေါ်ရှိ လမ်းသွားလမ်းလာပြည်သူများကို စစ်ဆေးမေးမြန်းလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။