အာဏာသိမ်းစစ်ကောင်စီမှ စစ်အင်အားလိုအပ်နေသဖြင့် ပြန်လည်ခိုင်းစေနိုင်သည့် နုတ်ထွက် /ထုတ်ပယ် စစ်မှုထမ်းဟောင်းများအား လုံခြုံရေးနှင့်စစ်ရေးတာဝန်များ ထမ်းဆောင်ရမည်ဖြစ်ကြောင်း စစ်မှုထမ်းဟောင်းအသိုင်းအဝိုင်းထံမှ သိရသည်။
စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ်စိုက်ရာ မြို့ကြီးအသီးသီးတွင် စစ်မှုထမ်းဟောင်းများအား တွေ့ ဆုံပွဲများပြုလုပ်၍ ဆန်၊ဆီအခြေခံစားကုန်နှင့် ဆေးဝါးများထောက်ပံ့ကာ စစ်ကောင်စီမှ လိုက်လံစည်းရုံးခဲ့ကြောင်းသိရသည်။
တာဝန်ပေးအပ်ရာတွင် အသက် ၇၀နှစ်နှင့်အောက် စစ်မှုထမ်းဟောင်းများ ပါဝင်ပြီး အသက်အရွယ်အလိုက် တာဝန်များပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။
" မနေ့က အစည်းအဝေးလုပ်တယ်။ လုံခြုံရေးလိုက်ရမယ်ပြောတယ် ။ ဝေးလားနီး လားတော့မသိဘူး။ အသက်ကြီးပိုင်းတွေက လုံခြုံရေးပေါ့။ ငယ်တဲ့သူတွေကို ဘာတာဝန်ပေးမလဲမသိသေးဘူး '' ဟု ရန်ကုန်တိုင်းအတွင်းမှ အသက် ၆၈နှစ်အရွယ် စစ်မှုထမ်းဟောင်းတစ်ဦးက MPAသို့ပြော သည်။
စစ်မှုထမ်းဟောင်းများအနေဖြင့် ပြီးခဲ့သည့်ဇွန်လဆန်း စာသင်ကျောင်းများ စတင်ဖွင့်လှစ်စဥ်ကလည်း နိုင်ငံတစ်ဝန်း စာသင်ကျောင်းများတွင် ကင်းစောင့်ပေးခဲ့ရကြောင်း သိရသည်။
စစ်ကောင်စီအနေဖြင့် နုတ်ထွက်ပြီးစစ်မှုထမ်းဟောင်းများအား ခိုင်းစေနေသည့်အပြင် လက်ရှိ တာဝန်ထမ်းဆောင်ဆဲစစ်သားများ၏ ဇနီးများကိုလည်း လက်နက်တပ်ဆင် တိုက်ပွဲဝင်ရန် ညွှန်ကြားထားကြောင်း သိရသည်။
ထို့ပြင် နယ်ခြားစောင့်တပ်၊ ဌာနေပြည်သူ့စစ်အဖွဲ့အစည်းများကိုလည်း အထောက်အပံ့များပေးအပ်၍ လိုက်လံစည်းရုံးနေကြောင်း သိရသည်။