ယနေ့ကျရောက်သော လိင်စိတ်တိမ်းညွတ်မှုများအပေါ် အခြေပြုသည့် ကြောက်ရွံ့မုန်းတီးမှုများအား ဆန့်ကျင်ရေး အပြည်အပြည်ဆိုင်ရာနေ့တွင် လိင်စိတ်တိမ်းညွတ်မှုများအပေါ် အခြေပြုသည့် ကြောက်ရွံ့မုန်းတီးမှုများအား အမြန်ဆုံးပပျောက်စေရန် LGBTIQ များနှင့်အတူ တိုက်ပွဲဝင်သွားမည်ဟု ယနေ့ တွင် လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ၎င်း၏ ဖေ့ဘုတ်စာမျက်နှာတွင် ကတိပြု ပြောဆိုခဲ့သည်။
ထို့အပြင် လွတ်လပ်ခြင်း၊ လုံခြုံခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းများအတွက် ခေတ်ဆက်ဆက် အသက်ပေးတိုက်ပွဲဝင်ခဲ့ကြသော တိုက်ပွဲဝင်နေသော LGBTIQ များကို ဦးညွတ်အလေးပြုကြောင်းနှင့် အခြေခံလူ့အခွင့်အရေးနှင့် ရပိုင်ခွင့်များ၊ တန်းတူညီမျှရေးနှင့် အပြန်အလှန်လေးစား တန်ဖိုးထားမှုများထွန်းကားရေးအတွက်လည်း ထုတ်ပြန်ချက်များနှင့်တကွ ကတိပြုချက်ကို လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက တစပ်တည်း ရေးတင်အသိပေးခဲ့သည်။
LGBTIQ များ၏ အသိုက်အဝန်းအများအပြားသည် လူမှုရေးအရ ခွဲခြားဆက်ဆံမှုများနှင့် မတရားမှုများကြောင့် နေ့စဉ်နှင့်အမျှ ခံစားနေရဆဲဖြစ်သလို လိင်စိတ်တိမ်းညွတ်မှုအပေါ် ဘက်လိုက်မှုကြောင့် ရုပ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ရှိနေကြရသည်။
ယင်းအတွက် “ဘက်လိုက်မှုတွေ ချိုးဖျက်ပြီး အကြမ်းဖက်မှုတွေ ချုပ်ငြိမ်းအောင် အတူတကွ တိုက်ပွဲဝင်ကြဖို့ ဒီနေ့ကျွန်တော်တို့ အားလုံး ဖိတ်ခေါ်လိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ အသိုက်အဝန်းမှာ လူတိုင်း ဂုဏ်သိက္ခာနဲ့ တိုက်တန်ပါတယ်။ ဘေးကင်းဖို့ ထိုက်တန်တယ်။ လေးစားထိုက်တယ်”ဟု LGBT စာရေးဆရာမ စောဟန်နွေဦးကလည်း ၎င်း၏ ဖေ့ဘုတ်စာမျက်နှာတွင် ရေးတင်အသိပေးခဲ့သည်။
မြန်မာနိုင်ငံကို အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းပြီးနောက်တွင်လည်း LGBTIQ များသည် အကြမ်းဖက်အင်အားသုံး ဖြိုခွင်းမှုနှင့် လူအခွင့်အရေးချိုးဖောက်မှုများကို မကြောက်ဘဲ စစ်အာဏာရှင် ဖြုတ်ချရေးအတွက် ပါဝင်လှုပ်ရှားပေးခဲ့သည်။
အကြမ်းဖက်စစ်ကောင်စီလက်ချက်ကြောင့် မြန်မာနိုင်ငံတဝှမ်း အနည်းဆုံး LGBTIQ (၁၇) ဦး သေဆုံးခဲ့ရပြီး (၂) ဦးသည် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သလို (၈၅) ဦးသည် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကာ အယောက် (၅၀) သည် ဖမ်းဝရမ်းကြောင့် တိမ်းရှောင်ခဲ့ရကြောင်း NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက အသိပေးထားသည်။
“လူ့အခွင့်အရေးဆိုတဲ့အောက်မှာ LGBTIQ ရဲ့အခွင့်အရေးဟာလည်း ကဏ္ဍ တစ်ခုအနေနဲ့ပါဝင်တဲ့အတွက်ကြောင့် တော်လှန်ရေးသာ မြန်မြန်အောင်ခဲ့ရင် ကျွန်နော်တို့ရဲ့ အခွင့်အရေးအတွက် အများကြီးဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်။ အခုတော်လှန်ရေးမှာ LGBTIQ အဖွဲ့ဝင်တွေ ဖိနှိပ် အကြမ်းဖက်ခံရမှုတွေ ကြားက တော်လှန်နေတယ်ဆိုတာလည်း အပြည့်အဝယုံကြည်တယ်။ နောက်တစ်ခုက မိမိကိုယ်ကိုယ်ကိုယ်လည်း စွမ်းရည်မြှင့်တင်ကြပါ။ လိင်တူချစ်သူအချင်းချင်း စည်းရုံးကြပါ။ လိုအပ်ချက်တွေ ကူညီထောက်ပြကြပါ။ တော်လှန်ရေးအတွက်လဲ နိုင်တဲ့ဘက်က ဝန်ထမ်းပေးကြပါလို့ပဲ ပြောချင်ပါတယ်”ဟု နွေဦးတော်လှန်ရေးတွင် တက်ကြွစွာပါဝင်ခဲ့သည့် Transgender man တစ်ဦးဖြစ်သည့် Ray က MPA သတင်းဌာနသို့ မှတ်ချက်ပြုပြောကြားသည်။
ထို့အပြင် ၎င်းက ဦးအောင်မျိုးမင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဖြစ်လာခြင်းသည် LGBTIQ များအတွက် အကြီးမားဆုံးသော အောင်မြင်မှုဟုလည်း ထပ်ဆောင်းမှတ်ချက်ပြုခဲ့သည်။
ယနေ့ကျရောက်သော လိင်စိတ်တိမ်းညွတ်မှုများအပေါ် အခြေပြုသည့် ကြောက်ရွံ့မုန်းတီးမှုများအား ဆန့်ကျင်ရေး အပြည်အပြည်ဆိုင်ရာနေ့အတွက် ရန်ကုန်မြို့ရှိ ဗြိတိသျှသံရုံးကလည်း သက်တံအလံလွှင့်ပြီး LGBTQIA+ အသိုက်အဝန်းအားလုံးကို ထောက်ခံပြီး ပံ့ပိုးမှုများပြုလုပ်ရန် ကတိပြုထားကြောင်း ယနေ့တွင် ထုတ်ပြန်အသိပေးခဲ့သည်။