ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၏ လစ်လပ်နေသည့် စစ်ဦးစီးချုပ်နေရာအတွက် ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောစတီးကို ဗဟိုအလုပ်အမှုဆောင်ကော်မတီ အရေးပေါ်အစည်းအဝေး သဘောတူညီဆုံးဖြတ်ချက်အရ စစ်ဦးစီးချုပ်အဖြစ် ယနေ့စက်တင်ဘာ ၂၃ ရက်တွင် တာဝန်ပေးအပ်လိုက်သည်ဟု DKBA က ထုတ်ပြန်ထားသည်။
ယခင် DKBA စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး စောမိုရှေးသည် ကိုဗစ်ကူးစက်ခံရခြင်းကြောင့် ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့က ရန်ကုန်မြို့ရှိ စစ်ဆေးရုံတွင်အရေးပေါ်ဆေးကုသမှုခံယူနေရင်း ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) သည် ၁၉၉၄ ခုနှစ် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ခွဲထွက်လာသည့် အဖွဲ့ဖြစ်ပြီး ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် အစိုးရနှင့် အပစ်ရပ် သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် NCA ကို လက်မှတ်ရေးထိုးခဲ့သည်။