မန္တလေး၊ချမ်းအေးသာစံမြို့နယ်တွင် ဒီဇင်ဘာ ၈ ရက် ယနေ့ နံနက်ပိုင်းတွင် ပြုလုပ်မည့် မန္တလေးသပိတ် အင်အားစု ဆန္ဒပြမည့်နေရာသို့ သွားရောက်ခဲ့သည့် အမျိုးသမီး ၂ ဦးအပါအဝင် လူငယ်သုံးဦး စီးနင်းလာသည့် ဆိုင်ကယ်ကို အကြမ်း ဖက်စစ်တပ်က အရပ်သုံးကားဖြင့် ဝင်တိုက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
မန္တလေးသပိတ်အင်အားစု ပြုလုပ်မည့်နေရာသို့ ထွက်လာသည့် ယင်းဆိုင်ကယ်ကို အကြမ်းဖက် စစ်တပ်က ကားသုံးစီးဖြင့် ဝင်တိုက်ကာ ဖမ်းဆီးခဲ့ခြင်းကြောင့် အမျိုးသမီးတစ်ဦး ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆိုင်ကယ်သည် ယနေ့ နံနက်၅နာရီခွဲတွင် ၆၃ လမ်း၊ ၃၀ × ၃၅ ကြားအရောက် အကြမ်းဖက်စစ်တပ်၏ လှည့်ကင်းနှင့် တွေ့ရှိခဲ့ပြီးနောက် အရပ်သုံး ကားသုံးစီးဖြင့် လိုက်တိုက်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း လွတ်မြောက်လာခဲ့သည့် ဆိုင်ကယ်မောင်းနှင်သူက ပြောပြသည်။
ဆိုင်ကယ်ကို မောင်းနှင်ခဲ့သူ မန္တလေးအင်အားစုသပိတ်မှ ကော်မတီအဖွဲ့ဝင်တစ်ဦးက ”ကျနော့်နောက်မှာ သပိတ်ကိုသွားမယ့် မိန်းကလေးနှစ်ယောက်ပါတယ်။ အဲဒီမှာစစ်တပ်ရဲ့လှည့်ကင်းနဲ့တွေ့တယ်။ အဲဒီမှာ ဟိုကောင်မလေးဆိုပြီး ကားသုံးစီးနဲ့ ဆိုင်ကယ်နောက်မြီးကိုလည်း လိုက်တိုက်တယ်။ ဘေးကနေလည်း လိုက်ကပ်ပြီးတော့လိုက်တိုက်တာတာပေါ့။ အရှိန်ကတော့တော်တော်ပြင်းတယ်။ ဆိုင်ကယ်က လွင့်သွားတာ"ဟု ပြောသည်။
ယင်းသို့ ကားဖြင့်တိုက်ဖမ်းခဲ့သည့်အတွက် လူငယ်သုံးဦးစီးနင်းလာခဲ့သော ဆိုင်ကယ်မှာမှောက်သွားခဲ့ပြီးနောက် နှစ်ဦးမှာထွက်ပြေးလွတ်မြောက်ခဲ့ပြီး အသက် (၂၀)နှစ်ဝန်းကျင်ရှိ မခိုင်ဇင်ဖူးမှာ ဖမ်းဆီးခြင်းခံလိုက်ရကြောင်း သိရသည်။
ဖမ်းဆီးခြင်းခံရခြင်းမရှိပဲ လွတ်မြောက်လာခဲ့သူများတွင်အမျိုးသားတစ်ဦးသည် ခါးဒဏ်ရာများရရှိခဲ့ပြီး အမျိုးသမီးတစ်ဦးမှာမူ စစ်တပ်က ပစ်ခတ်ခဲ့မှုကြောင့် ခြေထောက်ကို ရှပ်ထိပြီး ဒဏ်ရာအနည်းငယ် ရရှိသွားခဲ့ကြောင်း သိရသည်။
ထိုသို့ဖမ်းဆီးခံရပြီး သုံးနာရီအကြာတွင် အကြမ်းဖက်စစ်တပ်က မခိုင်ဇင်ဖူးနှင့်ပတ်သက်သည့် သပိတ်ကော်မတီဝင်များ နေထိုင်ရာ နေအိမ်များသို့ စစ်ကား၁၀စီးခန့်ဖြင့် ဝင်ရောက်ရှာဖွေမှုများပြုလုပ်ခဲ့ပြီး နေအိမ်များအတွင်းမှ ပစ္စည်းများကိုယူဆောင်သွားခဲ့သော်လည်း မည်သူမျှ ဖမ်းဆီးခံရခြင်း မရှိကြောင်း သိရသည်။
“ဖြစ်တာက ၅နာရီခွဲမှာ ဖြစ်တာ အိမ်ကို ဝင်တာက ၈နာရီခွဲပေါ့။ သုံးနာရီလောက်ခြားတယ်။ ဖမ်းခံရရချင်း ကျနော်တို့က နေရာတွေရွှေ့ကြတယ်။ ပစ္စည်းတွေကရွှေ့ချိန်မရလိုက်ဘူး။ အဲဒီ နေရာတွေကို ဝင်စီးပြီး ပစ္စည်းတွေ ယူသွားကြတာပေါ့"သပိတ်ကော်မတီဝင်ကဆိုသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ၅ရက်နေ့ကလည်း အကြမ်းဖက်စစ်တပ်သည် ရန်ကုန်ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းတွင် ပြုလုပ်ခဲ့သည့် ဆန္ဒပြသပိတ်စစ်ကြာင်းတစ်ခုကိုကားဖြင့် အရှိန်ပြင်းစွာ ဝင်ရောက် တိုက်ခိုက်ခဲ့သေးသည်။
အကြမ်းဖက်စစ်တပ်သည် မြို့ကြီးများတွင် ပြုလုပ်လျက်ရှိနေသော လူငယ်ဆန္ဒပြသပိတ်များအပါအဝင် ၎င်းတို့ မသင်္ကာသော ပြည်သူလူထု၏ ယာဉ်များကို ကားဖြင့်တိုက်ဖမ်းခြင်း၊ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခြင်းများကို ပြုလုပ်လျက်ရှိနေသည်။