ဒုက္ခသည်မိခင်များ
စိမ်းစိုစိုလယ်ကွင်းပြင်ကြီးတွေကြားမှ ခပ်ရှည်ရှည်တဲတန်းရှည်ကြီးကို အဝေးကနေလှမ်းမြင်နေရသည်။ လေးမြို့ မြစ်အရှေ့ဖက်ကမ်းမှလှမ်းမြင်ရသည့် လက်ပြတ်တောင်တန်းဆီမှ လယ်ကွင်းပြင်ကျယ်ဆီသို့ ဖြတ်သန်းတိုက်ခတ်လာနေသော လေနှင့်အတူ မိုးစပါးရနံ့များသည် စွဲလမ်းဖွယ်ကောင်းနေသည်။
နေသာချိန်တိမ်တောက်ပြီး လေထဲတွင်လွင့်နေသော သာသနာ့အလံ၊ ရခိုင်အလံများအောက်တွင် “စင်းဘောကိုင်းစစ်ဘေးရှောင်စခန်း'' ဟု ရေးထားသည်ကို တွေ့ရသည်။
စခန်းထဲတွင် ကလေးငယ်များ ပြေးလွှားဆော့ကစားနေကြသည်ကို မနီးမဝေးမှလှမ်းမြင်နေရသလို ချိုင်းထောက် နှစ်ဖက်နှင့် လှမ်းထွက်လာနေသော မသန်စွမ်းတစ်ဦးကိုလည်း တွေ့လိုက်ရသည်။
''မတို့က ကိုယ်ငွေနဲ့ကိုယ် သွားလို့ပြရတယ်။ ငွေမရှိရင်လည်း မပြနိုင်ဘူး။ အရင်တခါက မတို့မိဘတွေက ငွေသုံးသောင်းပေးလို့ သွားပြခဲ့တယ်။ နောက်တစ်ခေါက် ရှစ်လပိုင်းတခါသွားမယ်လို့ ငွေအဆင်မပြေလို့ မသွားရသေးဘူး'' လို့ မော်ရွာသစ်ကနေ ထွက်ပြေးခိုလှုံနေသူ ကလေး ၂ ယောက်အမေ၊ အသက် ၃၇ နှစ်အရွယ်၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးဖြစ်တဲ့ မဦးသန်းနွယ်က ဆိုသည်။
သူမတို့နေထိုင်ရာ စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းမှ ရေလမ်းတစ်တန်၊ ကုန်းလမ်းတစ်တန်နှင့် ၁၀ မိုင်ခန့်ဝေးသော မြောက်ဦးမြို့ပေါ်ရှိ ဆေးရုံသို့ သူမရဲ့တတိယမြောက်ကိုယ်ဝန်ကို မိုးကြီး၊ လေဒဏ်ကြားမှ အန္တရာယ်ကြီးစွာ သွားရောက်ပြသခဲ့ရခြင်းဖြစ်သည်။
'''ကိုယ်ဝန်ကို မြောက်ဦးကိုသွားပြရင် မိုးရာသီ ချောင်းတွေ၊ မြစ်တွေကို ဖြတ်ပြီးသွားရတယ်'' ဟု သူမရင်ဆိုင်ကြုံ တွေ့နေရသော အခက်အခဲဒုက္ခ၊စိန်ခေါ်မှုများကို ပြောပြသည်။
မဦးသန်းနွယ်တို့မိသားစုအပါအဝင် ၄င်းစခန်းမှ စစ်ဘေးရှောင်များသည် ရက္ခိုင့်တပ်တော်(အေအေ)နှင့် မြန်မာစစ်တပ်တို့ကြား ၂၀၁၉၊ ဆောင်းရာသီ၌ မြောက်ဦးမြို့နယ်၊ဘုရားကြီးကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာခဲ့ကြခြင်း ဖြစ်သည်။
စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းထဲ၌ ကလေးများ ၊သက်ကြီးရွယ်အိုများ ၊မသန်စွမ်းများအပါအဝင် အိမ်ထောင်စု ၇၇၅ စု နှင့် လူဦးရေ ၃,၉၀၁ ဦးရှိနေသည်။
၄င်းစင်းဘောကိုင်းစစ်ရှောင်စခန်းတွင် မဦးသန်းနွယ်နည်းတူ ကိုယ်ဝန်ဆောင် ၂၀ ဦးရှိနေပြီး အလုပ်အကိုင်မရှိခြင်းကြောင့် မိသားစုဝင်ငွေမရှိသလို ကလေးမွေးဖွားဖို့အတွက်ပင် အခက်အခဲများစွာ ကြုံတွေ့နေကြရသည်။
စင်းဘောကိုင်း စစ်ဘေးရှောင်စခန်းသည် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လေးမြို့မြစ်၏ အရှေ့ဖက်ကမ်း စင်းဘောကိုင်းကျေးရွာအလွန် လယ်ကွင်းပြင်ကျယ်ကြီးအတွင်းတွင် တည်ရှိသည်။ ၄င်းနေရာတွင် ဘုရားကြီး၊ မော်ရွာသစ်၊ မော်ရွာဟောင်း၊ ပန်းမြောင်းနှင့် ကုလားတန်မြစ်ဖျားပိုင်းရှိ အထက်တင်းမ၊ အောက်တင်းမ အစရှိသော ကျေးရွာများမှ စစ်ဘေးရှောင်လာသူများ ခိုလှုံနေကြခြင်း ဖြစ်သည်။
အမျိုးသမီးများအခက်အခဲ
ရခိုင်တွင် ရက္ခိုင့်တပ်တော်(အေအေ)နှင့် မြန်မာစစ်တပ်တို့ကြား တိုက်ပွဲများရပ်တန့်နေသည်မှာ ဆယ်လကျော်ထိရှိနေသော်လည်း စစ်ဘေးရှောင်တစ်သိန်းကျော်သည် ယခုချိန်ထိ နေရပ်မပြန်နိုင်ကြသေးဘဲ ရှိနေသည်။
စစ်အာဏာသိမ်းမှုနောက်ပိုင်း ကိုဗစ်တတိယလှိုင်းတွင် စင်ဘောကိုင်းစစ်ဘေးရှောင်စခန်းထဲမှ အသက်၄၀ကျော်အမျိုးသမီးတစ်ဦးတွင် ကိုဗစ်ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ပြီးနောက် စခန်းတစ်ခုလုံးကို Lock down ချထားခဲ့ရသည်။
ကိုဗစ်ကပ်ဘေးနှင့်အတူ စစ်ကောင်စီ၏ ကန့်သတ်ချက်တချို့ကြောင့် နှစ်လကျော်သည်ထိ စားနပ်ရိက္ခာအကူအညီမရရှိခဲ့ခြင်းကြောင့် စားဝတ်နေရေးအခက်အခဲများနှင့် လောကဒဏ်ကို ကြံ့ကြံ့ခံရင်ဆိုင်နေခဲ့ကြရသည်။
''ဒီမှာက ချက်ပြုတ်စားသောက်ဖို့ ထင်းတွေ၊ မီးသွေးတွေကလည်းနည်းတယ်။ ချက်စား ပြုစားရတာ အိမ်ရှင်မတွေအတွက် အဆင်မပြေပါ။ ကယ်ဆယ်ရေးဆန်တွေဘာတွေမရရင် မြတန်ဆောင်ဆရာတော်က စီစဉ်ကူညီပေးပါတယ်” ဟု မြောက်ဦးမြို့နယ်၊ လေးမြို့မြစ်အရှေ့ဖက်ကမ်းရှိ စင်ဘောကိုင်းစစ်ဘေးရှောင်စခန်းမှ အမျိုးသမီးတစ်ဦးက ရှင်းပြသည်။
ထိုစစ်ဘေးရှောင်စခန်းတွင် စားနပ်ရိက္ခာအပါအဝင် အရေးပေါ်လိုအပ်ချက်များရှိလာခဲ့ပါက ၄င်းစခန်းကို တာဝန်ယူကြီးကြပ်ပေးနေသော မြောက်ဦးမြို့ပေါ်ရှိ မြတန်ဆောင်ဆရာတော်က တာဝန်ယူကူညီဖြေရှင်းပေးနေသည် ဟု စစ်ဘေးရှောင်များက ဆိုသည်။
စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းတာဝန်ခံ ကိုညီပုက ''ကျန်းမာရေးစောင့်ရှောက်မှု လုံးဝမရှိဘူးလို့ ပြောလို့ရတယ်။ ကျန်းမာရေးစောင့်ရှောက်မှုဆိုရင် အဓိက ဆေးဝါးလိုတယ်။ ပြီးရင် ဆေးဝါးရောက်လာပြန်ရင်လည်း ကျန်းမာရေးဝန်ထမ်းတချို့လိုအပ်ပါတယ် ” ဟု ပြောသည်။
စစ်ရှောင်စခန်းသည် မြောက်ဦးမြို့၏ အရှေ့မြောက်ဖက် ၁၀မိုင်ခန့်အကွာ၊ လေးမြို့မြစ်အရှေ့ဖက်ကမ်းတွင် တည်ရှိခြင်းကြောင့် ကုန်းတစ်တန်၊ ရေတစ်တန် သွားလာရသလို မိုးတွင်းရေကြီးချိန် လေးမြို့မြစ် ရေစီးသန်တာကြောင့် လာရောက်ကူညီထောက်ပံ့မှုတွေ မရှိကြတာဟု စခန်းတာဝန်ခံက ဆက်လက်ရှင်းပြသည်။
ရခိုင်ပြည်နယ်အိမ်စောင့်အစိုးရဖက်ကမူ ဘဏ်များမှ ငွေထုတ်ရခက်ခြင်းနှင့် ကိုဗစ်ကန့်သတ်ချက်များကြောင့်ကူညီထောက်ပံရေးကိစ္စတချို့တွင် အချိန်ကြန့်ကြာမှုများ ရှိခဲ့သည် ဟု ဝန်ခံထားသည်။
ကုလသမဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်(UNSCR 1325)
မြန်မာအစိုးရသည် ကမ္ဘာ့ကုလသမဂ္ဂ၌ အမျိုးသမီးများအရေး သဘောတူညီချက်အချို့ကို လက်မှတ်ရေးထိုးထားသော်လည်း အကောင်အထည်ဖော်လုပ် ဆောင်ပေးမှုမရှိခြင်းကြောင့် အမျိုးသမီးများသည် အကူအညီနှင့် ကာကွယ်စောင့်ရ?