ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သူ ကိုနှင်းအောင်သည် ဒီဇင်ဘာလ ၃ ရက်နေ့တွင် စစ်ကိုင်းတိုင်းကန့်ဘလူမြို့နယ်တွင် ပျူစောထီးများနှင့် အကြမ်းဖက်စစ်တပ် တပ်ဖွဲ့ဝင်အချို့၏ သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။
ကိုနှင်းအောင်ကို ပျူစောထီးများက သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးသွားခဲ့ခြင်း ဖြစ်ပြီး လက်ရှိအချိန်အထိ အလောင်းပြန်လည် ရရှိခြင်း မရှိသေးကြောင်း ၎င်းနှင့်နီးစပ်သူများထံမှသိရသည်။
""ကိုနှင်းအောင်ကျတာက သူခရီးသွားရင်း ပျူစောထီးတွေနဲ့ စကစ တပ်သားတချို့ စစ်တဲ့အချိန်နဲ့ တိုးသွား တာပါ။ သူ့မှာ ငွေသိန်း ၁၀၀ ကျော်လည်း ပါတယ်။ ပျူတွေက ငွေတွေယူပြီး နှိပ်စက်သတ်ဖြတ်ခဲ့တာပါ” ဟု ၎င်းနှင့်နီးစပ်သူတစ်ဦးက အတည်ပြုပြောသည်။
ကိုနှင်းအောင်သည် ၂၀၁၆ခုနှစ်တွင် ဗကသများအဖွဲ့ချုပ်(ဗဟို)၏ ရွေးကောက်ခံကိုယ်စားလှယ် တိုင်းရင်းသားရေး ရာတာဝန်ခံတစ်ဦးဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်သည်။
ထို့ပြင် စစ်အာဏာသိမ်းခံရသည့် ကာလတလျောက်လုံးတွင်လည်း မန္တလေးစစ်ကြောင်းနှင့်အတူ လိုက်ပါပြီး စစ် အာဏာရှင်စနစ်ကို သပိတ်မှောက် ဆန္ဒပြမှုများလည်း တောက်လျောက်ပြုလုပ်ခဲ့သူလည်းဖြစ်သည်။
ဗကသများ အဖွဲ့ချုပ် အဖွဲ့ဝင် တစ်ဦးက "ရဲဘော်နှင်းအောင်က သူ့ဘဝတလျှောက်လုံး အဖိနှိပ်ခံ လူထုလူတန်းစား လွတ်မြောက်ရေးအတွက် မနားမနေကြိုးစားအားထုတ်ရင်း ဂုဏ်ရောင်ပြောင်စွာ ကျဆုံးခဲ့တာပါ” ဆိုသည်။
ကိုနှင်းအောင်ပစ်ခတ်ခံခဲ့ရသည့် နေရာသည် စစ်တပ်ထောက်ခံသူများနှင့် ပျူစောထီးများ အနည်းငယ်ရှိနေသော နေရာတစ်ခုဖြစ်ပြီး ပျူစောထီးများသည် လက်နက်အပြည့်စုံဖြင့် ရှိနေသည့် နေရာလည်း ဖြစ်သည်။
အကြမ်းဖက်စစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်သည့် ဇော်မင်းထွန်းက ပျူစောထီးအဖွဲ့ ဖွဲ့စည်းထားခြင်းမရှိကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခုတွင်ငြင်းဆိုထားသည်။
သို့သော်လည်းပျူစောထီးအဖွဲ့တွင် စစ်မှုထမ်းဟောင်းများ၊ စစ်တပ်ထောက်ခံသူများ၊ ကြံ့ခိုင်ရေးအဖွဲ့ဝင်များနှင့် ဘာသာရေးအစွန်းရောက်အဖွဲ့ တစ်ခုဖြစ်သည့် မဘသအဖွဲ့ဝင်များပါဝင်ပြီး အကြမ်းဖက်စစ်တပ်နှင့်အတူ ပြည် သူလူထုကို အနိုင်ကျင့်နှိပ်စက် သတ်ဖြတ်မှုများ မကြာခဏပြုလုပ်နေကြောင်း သက်သေများ ထွက်ပေါ်လျက်ရှိသည်။