စမ်းချောင်းမြို့နယ်၊မြေနီကုန်းကျော်တံတားတွင် စက်တင်ဘာလ၂၅ရက်နေ့ နံနက် ၁နာရီခွဲ၌ အကြမ်းဖက်စစ်တပ်နှင့် လူအချို့ ပစ်ခတ်မှုများ အပြန်အလှန်ဖြစ်ပွားခဲ့သည်။
အကြမ်းဖက်စစ်တပ်နှင့် မည်သည့်အဖွဲ့ ပစ်ခတ်သည်ဟုမသိရသော်လည်း ပစ်ခတ်မှုတွင် အချက်၅၀ကျော် ပစ်ခတ်သံများ ကြားခဲ့ရပြီး လူသေဆုံးမှုများ ရှိနိုင်ကြောင်း အနီးပတ်ဝန်းကျင်မှ သူများ၏ ပြောပြချက်အရ သိရှိရသည်။
"ညဘက်ကြီး သေနတ်သံတော့ကြားရတယ်။ အ ချက်၅၀လောက်တော့ရှိမယ်၊ တံတားအပေါ်လား အောက်လားတော့မသိဘူး "ဟု စမ်းချောင်းတွင် နေထိုင်သူ တဦးက ဆိုသည်။
ပစ်ခတ်မှုဖြစ်ပွားပြီး လူသေဆုံးမှုဖြစ်ပွားကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း မည်သည့်အဖွဲ့မှသေဆုံးခဲ့ရသည် အရေအတွက် မည်မျှသေဆုံးခဲ့ရသည်ကို အတည်ပြုနိုင်ခြင်းမရှိသေးချေ။
"ညကပစ်ခတ်သံများနှင့်အတူ လက်နက်ကိုင်ခွေးများမတရားသဖြင့် ပြုလုပ်ထားသော တံတားအနီးရှိ အမှုများကို ရေဖြင့်ဆေးနေခဲ့သည်ဟုသတင်းရရှိကြောင်း”Sanchaung Information Newsဖော်ပြထားသည်။
စမ်းချောင်းမြို့နယ်ရှိ ပရဟိတအသင်းများကမူ ယခုဖြစ်စဉ်ကို ၎င်းတို့အနေဖြင့် သေသေချာချာ သိရှိရခြင်းမရှိသကဲ့သို့ လူသေဆုံးမှုများအတွက် ဆက်သွယ်လာခြင်းမရှိကြောင်း ပြောဆိုကြသည်။
"အခုနောက်ပိုင်း ကျနော်တို့က အဲ့လိုကိစ္စတွေ လူသေဆုံးမှုတွေကို မသယ်ရတာများပါတယ်၊ ညဘက်ဆိိုတော့ပိုဆိုးပါတယ် " ဟု စမ်းချောင်းအခြေစိုက် ပရဟိတအသင်းတစ်ခုက ဆိုသည်။
ဖြစ်စဉ်အသေးစိတ်အတွက် စမ်းချောင်းမြို့နယ်ရဲစခန်းနှင့် ရန််ကုန်တိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူများထံသို့ ဆက်သွယ်ခဲ့သော်လည်း တစ်စုံတစ်ရာတုံ့ပြန်ချက်မရရှိခဲ့ပေ။
အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ”နောက်ပိုင်း အထူးသဖြင့် စစ်တပ်နဲ့ဖြစ်တဲ့ကိစ္စတွေမှာ ရဲတွေမသိတာမျိုးရှိပါတယ်။ ကျနော်တို့ဆီ သတင်းမရောက်တာတွေရှိပါတယ် " ဟု ဆိုသည်။
ယနေ့နံနက်ပိုင်း ၇နာရီခန့်တွင် မြေနီကုန်း ဂုံးတံတားအတက်(မဟာမြိုင်ဘက်နေ မြို့ထဲဘက်သွားသည့်ဘက်) ကို အကြမ်းဖက်စစ်တပ်က အင်အားဖြင့် ပိတ်ဆို့ထားခဲ့သော်လည်း နံနက် ၁၀ နာရီခန့်တွင် ပြန်လည်ဖွင့်ပေးခဲ့သည်။
စက်တင်ဘာလ၂၅ရက်နေ့ နံနက်ပိုင်းတွင် အင်းစိန်မြို့နယ်ရှိ အင်းစိန်ထောင်အနီးတွင် ဗုံး၅လုံး ဆက်တိုက်ပေါက်ကွဲခဲ့သည်။
လက်ရှိအချိန်တွင် ရန်ကုန်မြို့၏ နေရာအနှံ့အပြား၌ပေါက်ကွဲမှုများ မကြာခဏဖြစ်ပွားလျက်ရှိနေပြီး ပေါက်ကွဲမှုများကြောင့် အကြမ်းဖက်စစ်တပ်မှ တပ်သားများသေဆုံးမှုရှိလာသဖြင့် လုံခြုံရေး ပိုမိုတင်းကြပ်လာသည်ကိုတွေ့ရသည်။