နှစ်ဘက်တိုက်ပွဲများ အချိန်မရွေးပြန်ဖြစ်လာနိုင်ကြောင်း အေအေထုတ်ပြန်

Photo - MPA


2022-05-15

စစ်ရေးတင်းမာနေသော ရခိုင်တွင် ရက္ခိုင့်တပ်တော်(AA)နှင့် အကြမ်းဖက်စစ်တပ်တို့ကြား နှစ်ဘက်တိုက်ပွဲများ အချိန်မရွေးပြန်ဖြစ်လာနိုင်သည့် အနေအထားကို တွေ့ရှိနေရကြောင်း ရက္ခိုင့်တပ်တော်(AA)က  မေလ ၁၅ ရက်၊ ယနေ့ညနေက ထုတ်ပြန်ထားသည်။


''မြန်မာစစ်တပ်သည် ရက္ခိုင်ဒေသအတွင်း စစ်အင်အားများကို နေရာအနှံ့ထပ်မံတိုးချဲ့နေခြင်း၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၏ တရားစီရင်ရေး၊ အခွန်ကောက်ခံရေး၊ အုပ်ချုပ်ရေးများတွင် အနှောင့်အယှက်ပေးခြင်း၊ အဆိုပါ ကဏ္ဍများတွင် တာဝန်ထမ်းဆောင်နေသော မိမိတို့၏ တရားရေးဝန်ထမ်းများကို ဖမ်းဆီးရန်ကြိုးစားခြင်း၊ ခြိမ်းခြောက်ခြင်း၊ တရားရုံးများကို မြန်မာစစ်တပ်မှ ဝိုင်းဝန်းခြင်း၊ အမှုအခင်းများတွင် ပါဝင်သူများအား ခြိမ်းခြောက်ခြင်း၊ ရက္ခိုင်-မူဆလင်အကြား သဟဇာတဖြစ်နေမှုများအပေါ် ပျက်စီးရန်ကြိုးစားခြင်းတို့ကို မြန်မာစစ်တပ်သည် ခပ်စိပ်စိပ် လုပ်ဆောင်လျက်ရှိသည်။''


ထို့အပြင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့၏ နှစ်ဘက်စစ်ရေးတင်းမာမှု ဆက်လက်မြင့်တက်လျက်ရှိနေသည်မှာ ကာလအတန်ကြာခဲ့ပြီဖြစ်သည်။

ထို့ကြောင့် နှစ်ဘက်တိုက်ပွဲများ အချိန်မရွေးပြန်ဖြစ်လာနိုင်သည့် အနေအထားကို တွေ့ရှိနေရသောကြောင့် အရပ်သားပြည်သူလူထုများအနေဖြင့် မြန်မာစစ်တပ် သွားလာလှုပ်ရှားနေသည့်နေရာများ၊ မြန်မာစစ်တပ် အထိုင်ချနေထိုင်နေခဲ့သောနေရာများ၊ မြန်မာစစ်တပ်၏ တပ်စခန်းအနီး ပတ်ဝန်းကျင်များသို့ သွားလာခြင်းများကို အထူးသတိထားရှောင်ကြဉ်ကြပါရန် သတိပေးအပ်ပါသည် ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


''ဒီလဆန်းကတည်းက စစ်သားတွေ၊ စစ်ကားတွေကို နေရာတိုင်းမှာ တွေ့နေ၊ မြင်နေရပါတယ်။ ခရီးသွားရင်လည်း အရင်ထက်ပိုစစ်ဆေးပါတယ်။ စစ်တပ်က အင်အားတိုးပြီး ရန်စသလိုလုပ်နေပါတယ် '' ဟု ရခိုင်ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။


ရခိုင်မြောက်ပိုင်းတွင် ယခုရက်ပိုင်းအတွင်း အကြမ်းဖက်စစ်တပ်မှ ရဟတ်ယာဥ်များဖြင့် လက်နက်ရိက္ခာဖြည့်တင်းမှုများလည်း ပြုလုပ်နေကြောင်း ဒေသခံမျက်မြင်များက ပြောသည်။


''နေ့တိုင်းမြင်နေရတာက စစ်တွေ ရွှေမင်းဂံဆိပ်ကမ်းကနေ ဒကစကို လက်နက်ရိက္ခာသယ်နေတာတွေပါ။စစ်ကားကြီးတွေ၊ စစ်သားတွေနဲ့ နေ့တိုင်းလိုလိုပါပဲ

'' ဟု စစ်တွေဒေသခံတစ်ဦးက MPA သို့ပြောသည်။


ရခိုင်တွင် ရက္ခိုင့်တပ်တော်(AA)နှင့် အကြမ်းဖက်စစ်ကောင်စီတို့ကြား တိုက်ပွဲများရပ်တန့်နေသော်လည်း စစ်ရေးတင်းမာမှုများ ပိုမိုပြင်းထန်လာနေသဖြင့်

အေအေဖက်မှ တရားဝင်ထုတ်ပြန်သတိပေးမှု ပြုလုပ်လာခြင်းလည်း ဖြစ်သည်။


'' မောင်တော၊ဘူးသီးတောင်ဖက်တွေမှာတော့ တပ်မ ၂၂ ကို အများဆုံးတွေ့နေရပါတယ်။ အထူးသဖြင့် ဘူးသီးတောင်ဖက်မှာတော့ တပ်မ ၂၂ ဘက်တံဆိပ်နဲ့စစ် သားတွေကို မြို့ပေါ်မှာရော နယ်ဖက်တွေမှာပါ တွေ့နေရတုန်းပါပဲ '' ဟု ဘူးသီးတောင်ဒေသခံတစ်ဦးက MPA သို့ပြောသည်။


ရခိုင်တွင် ရက္ခိုင့်တပ်တော်(AA)နှင့် အကြမ်းဖက်စစ်တပ်တို့ကြား တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့သည့်အချိန်က ပြည်မမှခေါ်ယူထားသည့် တပ်မ ၂၂နှင့် တပ်မ ၈၈ တို့ကို ယခုအချိန်ထိ ရခိုင်တွင် ချထားဆဲဖြစ်ကြောင်းလည်း ရခိုင်စစ်ရေးစောင့်ကြည့်နေသူများက ဆိုသည်။


ရခိုင်တွင် အကြမ်းဖက်စစ်တပ်က ကြေး၊ ရေ၊ လေ အစုံအသုံးပြုပြီး လက်နက်ရိက္ခာ၊ စစ်သည်အင်အားများ အဆမတန်ဖြည့်တင်းနေသကဲ့သို့ တပ်ရင်း၊တပ်မ၊ စခန်းများကိုလည်း ဘန်ကာများ၊ မိုင်းကွင်းများ၊ ခြံစည်ရိုးများနှင့် CCTV များဖြင့် အခိုင်အမာအဆင်မြှင့်တင်နေကြောင်းလည်း ဒေသခံရခိုင်ပြည်သူများက ပြောသည်။

MPA