သာကေတမြို့နယ်တွင် တက္ကသိုလ်ကျောင်းသူတစ်ဦး သေနတ်နှင့် အပစ်ခံရပြီး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။
ယင်းပစ်ခတ်မှုကို အမည်မသိလူငါးဦးက ယနေ့နေ့လယ်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မည်သည့်အဖွဲ့အစည်းက ပြုလုပ်သည်ဖြစ်ကြောင်း အတည်ပြုနိုင်ခြင်းမရှိသေးပေ။
“တကယ်တော့ အဲ့အိမ်က ကိုရဲဆိုသူကို လာရှာတာ။ သူ့ကိုပစ်ပေမယ့် ထွက်ပြေးသွားလို့ ဆိုင်ထဲမှာရှိတဲ့ ကောင်မလေးကို ပစ်သတ်တယ်။ အိမ်ထဲကထွက်လာတဲ့ မိခင်လည်း အပစ်ခံလိုက်ရတယ်”ဟု သာကေတမြို့မရဲစခန်း၏ အမည်မဖော်လိုသူ ရဲတစ်ဦးက ပြောသည်။
ယနေ့ နေ့လယ် ၃ နာရီက သာကေတမြို့နယ် ၇ ရပ်ကွက် (၈ ထိပ်မှတ်တိုင်) အောင်သပြေလမ်းနှင့် စံပယ်လမ်းထိပ်တွင် ဖွင့်ထားသည့် အထည်ဆိုင်အတွင်း အမည်မသိလူတစ်စုမှ သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ပြီး တစ်ဦးသေ၊ မိသားစုဝင်နှစ်ဦးကျည်ထိမှန်ခဲ့ကြောင်း ရပ်ကွက်နေသူများက ပြောသည်။
“ရဲတွေက မျက်ကွယ်ပြုတာ။ သွေးသောက်က လုပ်တာ။ သူတို့က NLD အမာခံအားပေးတာ။ ပြေလည်နေလို့ မကျေနပ်တာလည်း ပါမှာပေါ့”ဟု ရပ်ကွက်နေသူတစ်ဦးက သူ၏ထင်မြင်ချက်ကို ပြောသည်။
နားထင်သေနတ်ဖြင့် နှစ်ချက်တေ့ ပစ်သတ်ခံရသူ အမျိုးသမီးသည် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ရူပဗေဒဌာနတွင် တက်ရောက်နေသည့် နောက်ဆုံးနှစ်ကျောင်းသူ မဟန်နီဦးဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
မိခင်နှင့် ဦးလေးဖြစ်သူလည်း ကျည်ထိမှန်ဒဏ်ရာဖြင့် ဆေးကုသမှုခံယူနေရကြောင်း ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ တရားဝင်ထုတ်ပြန်ထားသည်။
လက်ရှိတွင် နေ့လယ် လူသွားလူလာထ ူထပ်ချိန် ဘတ်စ်ကားမှတ်တိုင်အနီး အထည်ဆိုင်ထဲဝင် သေနတ်ဖြင့် မင်းမဲ့စရိုက်ဆန်ဆန် ပစ်ခတ်ခဲ့သူများကို အကြမ်းဖက်စစ်ကောင်စီနှင့် ရဲများက ဖမ်းဆီးရမိခြင်းမရှိသေးပေ။
သေဆုံးသူ မဟန်နီဦးအလောင်းကို စံပြဆေးရုံသို့ပို့ထားပြီး သေနတ်ကျည်ဒဏ်ရာရရှိထားသည့် မိသားစုဝင်နှစ်ဦးကို ရဲစာဖြင့် ဆေးရုံသို့ပို့ထားကြောင်း စုံစမ်းသိရသည်။